ကရင်ပြည်နယ် ငြိမ်းချမ်းရေး ကရင်လူထုတောင်းဆို

ကရင်ပြည်နယ်အတွင်း စစ်အစိုးရတပ်တွေရဲ့ တရားမဲ့ပြုကျင့်မှုတွေ ရပ်ဆိုင်းသွားစေဖို့ ကရင်လူထု ၈ သောင်းကျော် လက်မှတ် ရေးထိုးထားတဲ့ တောင်းဆိုစာတစောင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ တကွ ဗြိတိန်နဲ့ သြစတြေးလျ ဝန်ကြီးချုပ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေဆီကို ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့ ပေးပို့လိုက်ပါတယ်။

2011.02.28
refugees_in_rain_305_z.jpg စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ခြေလျင်ပြေးလာသော ကရင်ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများကို တောတွင်းတနေရာ မိုးရေထဲတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)
(Photo: Courtesy of Free Burma Rangers)
ဒီတောင်းဆိုစာကို မြန်မာနိုင်ငံ ကရင်ပြည်နယ်အတွင်းက ကရင်တိုင်းရင်းသား ၈၄,၀၀၀က လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပြီး KNU ကရင် အမျိုးသား အစည်းအရုံးက လက်မှတ်တွေကို စုဆောင်းပေးခဲ့ကြောင်း KNU အဖွဲ့က ဗိုလ်မှူး စောလှငွေက ပြောပါတယ်၊

“သောမတ်စ် ကင်တာနားတို့ကနေပြီးတော့ UN အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆီကို ဒီ ဗမာပြည်မှာ ရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက တော်တော်လေးကို ထင်ရှားပြင်းထန်ပြီး သက်သေခိုင်လုံနေတဲ့ အပေါ်မှာပေါ့။ အဲဒီ အပေါ်တွေမှာ သူတို့ ပြောတဲ့အခါကျတော့ အဲဒါ မီဒီယာတွေက သူတို့က ထုတ်ပြန်ချက်တွေ သူတို့ဆီ ဖြန့်ပေးတဲ့အပေါ်မှာ လူထုက ဒီကိစ္စ သူတို့ ကိုယ်တိုင် ခံရတဲ့အပေါ်မှာ သူတို့ ခံရတဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ကိုယ်တိုင် လက်မှတ်ထိုး တင်လို့ မရဘူးလား ဆိုတဲ့ မေးခွန်းမျိုးတွေ မေးလာတဲ့အပေါ်မှာ ကျွန်တော်တို့ KNU က ဟာ ဒါဖြစ်တာပေါ့၊ ခင်ဗျားတို့ ဆန္ဒရှိရင် ဆိုတဲ့အနေပေါ်မှာ ပြည်သူလူထုကနေပြီးတော့ ဒီ ဘန်ကီမွန်းတို့ ရုံးကနေပြီးတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေအပေါ်မှာ ဆက်ပြီးတော့ ဒီကိစ္စကို အရေးယူ ဆောင်ရွက်ပေးဖို့ သူတို့ ကိုယ်နှိုက်ကနေပြီးတော့ လက်မှတ်ထိုးပြီး တင်တဲ့ တင်ပြချက်ပါ။ အဲဒါ ကျွန်တော်တို့ကတော့ စုစည်းပေးတာပါပဲ။”

ကရင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း မြန်မာစစ်တပ်က ရွာပေါင်း ၃၆၀၀ ကျော် ဖျက်ဆီးခဲ့ရာမှာ စာသင်ကျောင်း၊ ဘုရားရှိခိုးကျောင်းတွေပါ အဖျက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် ဒေသခံ ၃၀၀၀ ကျော်ဟာလည်း ရပ်ရွာတွေကို စွန့်ခွာပြီး ရွာပုန်းရွာရှောင်တွေအဖြစ်နဲ့ တောတောင်တွေမှာ နေထိုင် နေရတယ်လို့ တောင်းဆိုစာမှာ ဖော်ပြထားပါတယ်၊ ဒါ့အပြင် တခြား လူ့ အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးတွေရဲ့ ဒဏ်လည်း ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ခုလိုစစ်အစိုးရရဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရပ်ဆိုင်းနိုင်ဖို့ အပြင် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာရေးအတွက်ကုလသမဂ္ဂနဲ့ ကမ္ဘာ့ နိုင်ငံအသီးသီးက ဆောင်ရွက်ပေးဖို့ ပန်ကြားတာဖြစ်တယ်လို့ KNU အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောပါတယ်၊

အခုပေးပို့တဲ့ မေတ္တာရပ်ခံစာကို နိုင်ငံပေါင်း ၈ နိုင်ငံမှာ နေထိုင်တဲ့ ကရင်လူ့ အဖွဲ့အစည်း ၁၅ ဖွဲ့ကလည်း ထပ်ဆင့် ထောက်ခံ တင်ပြထားတာ ဖြစ်ပါတယ်၊

KNU အတွင်းရေးမှူး နော်စီဖိုးရာစိန်ကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

ဒါနဲ့ပတ်သက်ပြီး ဗြိတိန်အခြေစိုက် ကရင်တိုင်းရင်းသားများအဖွဲ့ နာယက နော်ထူးခူဆာဆေးနဲ့ သြစတြေးလျ အခြေစိုက် ကရင်တိုင်းရင်းသားများအဖွဲ့ AKO ဥက္ကဋ္ဌ ဦးစောလွင်ဦးကို ဆက်သွယ်မေးမြန်းပြီး RFA မှ ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။