စစ်ကောင်စီစစ်ကြောင်းတွေကြောင့် ဖယ်ခုံက ရေဘေးသင့်သူတွေကို ကူညီဖို့ ခက်ခဲနေ

RFA Burmese
2024.09.25
စစ်ကောင်စီစစ်ကြောင်းတွေကြောင့် ဖယ်ခုံက ရေဘေးသင့်သူတွေကို ကူညီဖို့ ခက်ခဲနေ ကရင်နီပြည်ရှိ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုတွင် ရေကြီးနစ်မြုပ်နေသည်အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Karenni Humanitarian Aid Initiative

ကယားပြည်နယ် (ကရင်နီပြည်) ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးတိုက်ခိုက်နေတာကြောင့် ရေကြီးနစ်မြုပ်နေတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို ကူညီထောက်ပံ့မဲ့ ရိက္ခာပစ္စည်းတွေ ပို့ဖို့ ခက်ခဲနေတယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းတွေ အခုချိန်ထိ ရေနစ်မြုပ်နေဆဲဖြစ်ပြီး နေအိမ်အများစုပြိုကျပျက်စီးခဲ့တာကြောင့် အမိုးအကာနဲ့ အစားအသောက်တွေအရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ Karenni Humanitarian Aid Initiative (KHAI) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အခုရေတွေမြုပ်တော့ စားနပ်ရိက္ခာတွေလိုတယ်။ တခြားနေရာမှာပြောင်းနေဖို့ အမိုးအကာတို့လိုတာပေါ့နော်။ သွားလာဖို့ မိုးကြီးနေတော့ သွားလာလို့မရတာတစ်ကြောင်း၊ နောက်စစ်ကြောင်းတွေက အခွင့်အရေးယူပြီးမှ စစ်ကြောင်းထိုးနေတော့ အထူးသဖြင့် ကျွန်တော်တို့လို အရပ်ဘက်အဖွဲ့အစည်းတွေသွားလာလို့ ခက်တာရှိတယ်။ အဲဒီဘက်က မရသေးဘူးဖြစ်နေတယ်။ အခုထိကို ရေတက်နေတုန်းပဲ ရှိသေးတယ်။ အင်းထဲကနေ လာတဲ့ရေတွေက ကျွန်တော်တို့ဘက်ကိုပဲ ဆင်းလာတော့ အခုဆိုရင် ပိုပိုပြီး တက်လာတာပဲရှိတယ်။ ရေက အခုလောလောဆယ်ထိ မကျသေးဘူး”

ရာဂီမုန်တိုင်းဒဏ်သင့် စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ ရေဘေးသင့်နေရာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် အကူအညီပေးသူတွေ သွားလာလို့မရသေးဘူးလို့ ဆိုပါတယ်။

ဖယ်ခုံမြို့နယ်က လွယ်ဖီး၊ နန်းတုပ်၊ အုံတိုင်း ၊ နန့်ပေါ်လုံ၊ နန်းဆွတ်အပါအဝင် ကျေးရွာအများစု ရေကြီးနစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ဖယ်ခုံမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်း သုံးခုမှာ လူဦးရေ ၂၆ဝဝ ကျော် ရေဘေးကြုံနေရပြီး တိကျိတ်ကျေးရွာမှာတော့ မြေပြိုကျမှုကြောင့် လူ သုံးဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လွိုင်ကော်၊ ဒီးမော့ဆို၊ ရှားတော၊ ဖားဆောင်း၊ ဖရူဆိုနဲ့ ဖယ်ခုံမြို့နယ်က နေရာအတော်များများမှာ ရေကြီးနစ်မြုပ်ခဲ့ပြီး ဒေသခံ သောင်းနဲ့ချီ ပြောင်းရွှေ့နေထိုင်နေရတယ်လို့ IEC က ဆိုပါတယ်။

ကယားပြည်နယ်က ရေဘေးသင့်ပြည်သူတွေ အကူအညီ လိုအပ်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းမဖြေပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။