ကသာမှာ စစ်တပ်ရဲ့ စီးနင်းမှုကြောင့် လူနှစ်ထောင်နီးပါး ထွက်ပြေးနေရ

RFA Burmese
2023.08.31
ကသာမှာ စစ်တပ်ရဲ့ စီးနင်းမှုကြောင့် လူနှစ်ထောင်နီးပါး ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အဆောက်အအုံများအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းက တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်က ရွာသုံးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာကြောင့် အရပ်သား နှစ်ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ဩဂုတ်လ ၃၁ ရက်နေ့မှာ RFA  ကို ပြောပါတယ်။

အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဩဂုတ်လ ၂၈ နဲ့ ၂၉ ရက်နေ့ တွေမှာ  ဘန့်ဘွေးကုန်း၊ အင်းဒရန့်နဲ့ ဒုံးအော့ စတဲ့ ရွာသုံးရွာ‌ကို ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာသူရွာသားတွေကတော့ လုံခြုံရေး စိတ်မချရသေးတာ ကြောင့် ဩဂုတ်လ ၃၁ ရက် ဒီနေ့အထိ ရွာကိုပြန်မလာကြသေးဘူး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာသုံးရွာကို စစ်ကြောင်းက တစ်ရွာဝင် တစ်ရွာထွက်ကို ဝင်သွားတာပဲ။ ပထမဆုံး ဘန့်ဘွေးကုန်းကို ဝင်မီးရှို့တာ။ တော်တော်တော့ လောင်သွားတယ်။ ထွက်ပြေးနေရတဲ့ ဒေသခံတွေလည်း အခုထိတော့ ပြန်မလာရဲကြသေးဘူး။ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်အရေအတွက် အတိအကျ စာရင်းလည်း မသိရသေးဘူး"

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့တဲ့ ရွာတွေဟာ အိမ်ခြေ ၂၀၀ ကနေ ၃၀၀ ကြားရှိတဲ့ရွာတွေဖြစ်ပြီး လူဦးရေ နှစ်ထောင်နီးပါးလောက် နေထိုင်တယ်လို့ သူက ဆိုပါတယ်။

စစ်ကြောင်းကတော့ ကသာမြို့နယ်နဲ့ မြို့နယ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်၊ ငအိုးရွာကနေ လာရောက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၃၀ ရက် နေ့လယ် ကတည်းက ငအိုးရွာကို ပြန်ဝင်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးခွင့်ရသူ တိုင်းသယံဇာတ ဝန်ကြီး ဦးတင်သန်းဝင်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြား တာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) စာရင်းတွေ အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။