ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီတပ်သား ရှစ်ဦးသေပြီး PDF တစ်ဦးသေ

RFA Burmese
2023.06.23
ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီတပ်သား ရှစ်ဦးသေပြီး PDF  တစ်ဦးသေ ၂၀၂၃ ခုနှစ် ဧပြီလက ကရင်ပြည်နယ် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကျားသစ်နက်ကြောင်းက တပ်သားများကို တွေ့ရစဉ်။
ကျားသစ်နက်စစ်ကြောင်း

ကရင်ပြည်နယ်ကော့ကရိတ်မြို့ တမိုင်းကုန်းကျေးရွာရှိ ရေကူးကန်စစ်ကောင်စီတပ်စခန်းကုန်းကို ဇွန်လ ၂၁ ရက်နေ့က KNU / KNLA နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ရှစ်ဦး သေဆုံးပြီး PDF တစ်ဦး သေဆုံး ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တစ်ဦးသေဆုံးပြီး ကျားသစ်နက်စစ်ကြောင်းက တစ်ီဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

" တပ်မဟာ ၆ နယ်မြေဘက်မှာဗျ ။ တိုက်ပွဲဖြစ်နေစဥ်ရော ဖြစ်ပြီးတဲ့နောက်ရော လေယာဥ်နဲ့ သုံးကြိမ် ဗုံးလာကြဲသွားတယ်၊ စကစဘက်က ရှစ်ဦးသေပြီး တခြားထိခိုက်ဒဏ်ရာရသူတွေကတော့များတော့ ကျွန်တော်တို့ တိုက်ပွဲမျက်မြင်ကြည့်ရသလောက်ပေါ့နော် အတိအကျတော့ အချက်အလက်ကောက်လို့မရဘူးဗျ "

စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ စခန်းကုန်းကို KNU/KNLA တပ်ရင်း(၁၈)၊ ကျားသစ်နက်စစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်း တပ်တွေပူးပေါင်းပြီး စခန်းသိမ်းဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဇွန်လ ၂၁ ရက်နေ့ မနက်ကနေ ညနေ ငါးနာရီထိ အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီးနောက် စစ်ကောင်စီဘက်က တမိုင်ကုန်းကျေးရွာကို လေယာဥ်နဲ့ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့ပါ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ အဲ့ဒီတိုက်ပွဲမှာ ပါဝင်တဲ့ ကျားသစ်နက်စစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

ဒီဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသေး သလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

တပ်မဟာ (၆) နယ်မြေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး မေလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု (၁၀၂) ကြိမ်နဲ့ လေကြောင်းတိုက်ခိုက်မှု ကိုးကြိမ်ရှိခဲ့တယ်လို့ KNU ဗဟိုက ဇွန်လ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း ၃၀ အထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၆ ဦးသေဆုံးကာ ၄၀ ဦး ဒဏ်ရာရခဲ့သလို KNU နဲ့ ပူးပေါင်းတပ်တွေဘက်ကလည်း တစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။