ကချင်ပြည်နယ်မှာ စစ်တပ်ထုတ်ကုန်တွေ တားမြစ်ကြောင်း KIO ထုတ်ပြန်

2022.01.03
ကချင်ပြည်နယ်မှာ စစ်တပ်ထုတ်ကုန်တွေ တားမြစ်ကြောင်း KIO ထုတ်ပြန် ရွှေဘို-မြစ်ကြီးနားလမ်းမှာ မြန်မာဘီယာတွေကို ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ၂၀၂၁ နိုဝင်ဘာ ၁၈ ရက်နေ့က ဖျက်ဆီးခဲ့စဥ်
Photo: Kawlin People Defense Force - KLPDF

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်မှာ စစ်ကောင်စီရဲ့ အကျိုးတူစီးပွားရေးလုပ်ငန်းတွေထဲက ထုတ်ကုန်တွေကို ရောင်းဝယ်တာ၊ သယ်ယူပို့ဆောင်တာတွေ မလုပ်ကြဖို့တားမြစ်ကြောင်း မြစ်ကြီးနားခရိုင် ကေအိုင်အိုအုပ် ချုပ်ရေးရုံးက ဇန်နဝါရီလ ၄ ရက် ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာဘီယာ၊ ဒဂုံဘီယာ၊ အေဘီစီ ဘီယာ စတဲ့ ယမကာထုတ်ကုန်တွေကို ရောင်းဝယ်တာ၊ သယ်ယူပို့ဆောင် တာတွေကို ဇန်နဝါရီ ၁၀ ရက်ကစပြီး ပိတ်ပင်တာလို့ KIO ရဲ့ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးရုံးက အရာရှိ တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့လည်း တတ်နိုင်တဲ့ဘက်က စစ်ကောင်စီရဲ့ ဝင်ငွေတွေကို ဖြတ်တောက်ချင်နေတာပါ။ အရင်းအနှီးတွေထည့်ထားတဲ့ ပြည်သူတွေကိုလည်း စာနာတဲ့အနေနဲ့ ဇန်နဝါရီ ၁၀ ရက်နေ့အထိ ရက်သတ်မှတ်ထားတယ်ပေါ့။ အဲနောက်နောက်ပိုင်း အရေးယူတာတွေ စလုပ်မယ်”

အဲဒီထုတ်ကုန်တွေကို မြို့ပေါ်နဲ့ ရွာတွေက စားသောက်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ၊ KTV၊ Bar နဲ့ အခြား ဆိုင် အမျိုးမျိုးတို့မှာ ရောင်းချခြင်း မလုပ်ဖို့၊ မြစ်ကြီးနား - ပူတာအို လမ်း၊ မြစ်ကြီးနား - တနိုင်း လမ်းတလျှောက် မှာလည်း သယ်ယူပို့ဆောင်တာတွေ မလုပ်ဖို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကြေညာချက်ကို မလိုက်နာဘူးဆိုရင် ရောင်းချတဲ့ဆိုင်တွေ၊ သယ်ယူပို့ဆောင်တဲ့ ယာဉ်တွေကို အရေးယူမယ် လို့လည်း ဖော်ပြထားပါတယ်။

အလားတူ ကချင်ပြည်နယ်က ဗန်းမော်၊ မိုးညှင်းနဲ့ ပူတာအိုခရိုင်တွေမှာလည်း စစ်တပ်ထုတ်ကုန်တွေကို တားမြစ်ကြောင်း ကေအိုင်အို ခရိုင်အုပ်ချုပ်ရေးရုံးတွေက ပြီးခဲ့တဲ့လတွေက အသီးသီးထုတ်ပြန်ထားကြပါတယ်။

Myanmar Brewery အဖျော်ယမကာလုပ်ငန်းထဲက အဲဒီတံဆိပ်တွေဟာ Kirin ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) တို့ ဖက်စပ်လုပ်ကိုင်နေတာဖြစ်ပြီး Kirin က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဦးပိုင်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၅ ရက်မှာ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ ကုမ္ပဏီရဲ့ လူ့အခွင့်အရေးမူဝါဒတွေကို ဆန့်ကျင်နေတဲ့အတွက် Kirin ကုမ္ပဏီဘက်က ရပ်ဆိုင်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။

စစ်တပ်ထုတ်ကုန်တွေ မသုံးဖို့ ဦးပိုင်ကထုတ်တဲ့ Myanmar Beer၊ Dagon Beer ၊ ABC Beer စတဲ့ ယမကာတွေနဲ့ Red ruby ဆေးလိပ်တွေ အပါအဝင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစုရှယ်ယာပါဝင်တဲ့ Mytel ဆက်သွယ်ရေးလုပ်ငန်း အစရှိတဲ့ ထုတ်ကုန်ပစ္စည်းတွေ သပိတ်မှောက်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။