သီပေါမင်း ပါတော်မူနေ့ နှစ် ၁၃၀ ပြည့် အခမ်းအနားကျင်းပ
2015.12.04

သီပေါမင်း ပါတော်မူနေ့ နှစ် ၁၃၀ ပြည့် အခမ်းအနားကို သီပေါမင်း တည်ထားကိုးကွယ်ခဲ့တဲ့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်က ဝါခင်းကုန်းမာန်အောင်ရတနာစေတီမှာ သီပေါမင်းနဲ့ စုဖုရားလတ်တို့ရဲ့ ဆွေမျိုးတွေက ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ပါတော်မူနေ့ဟာ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်လို့ သီပေါမင်းရဲ့ မြစ်တော်စပ်သူ ဦးစိုးဝင်းက ပြောပါတယ်။
“တကယ့်တကယ်တော့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တာပေါ့၊ ဒါပေမဲ့ အခြေအနေအရပေါ့လေ၊ ပါတော်မူနေ့ဆိုတာ ပါသွားတဲ့အရှင်နှစ်ပါးရဲ့ အနွယ်တော်တွေပဲ ဆိုင်သလို့ပေါ့လေ ဖြစ်နေတာပေါ့၊ သမိုင်းပေးတာဝန်အရ ဒီနေ့မှာ ကိုယ့်ရဲ့ဘိုးတော်ဘွားတော်တွေ ကြက်ကလေးဖမ်းသလို ခေါ်သွားတာကို ပြန်ပြီးတော့ စိတ်မကောင်းကြီးစွာနဲ့ အလှူတော်လုပ်တာပေါ့လေ၊ အရှင်နှစ်ပါးတို့ ကောင်းရာမွန်ရာလားပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့လေ၊ အဓိကကတော့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့နေ့လို့ ပြောလို့ရပါတယ်၊ ဘာမှရည်ရွယ်ချက်ရယ်လို့ မဟုတ်ပါဘူး၊ ဒါလုပ်ရမယ့်အလုပ်ကို လုပ်တဲ့သဘောပါပဲ”
သီပေါမင်းနဲ့ စုဖုရားလတ်တို့ရဲ့ ဆွေမျိုးတော်စပ်သူတွေက သံဃာအပါး ၁၃၀ ကို နေ့ဆွမ်းကပ်လှူခဲ့ကြတာဖြစ်ပြီး မင်းတုန်းမင်း နဲ့ ကနောင်မင်းသားတို့ရဲ့ ဆွေမျိုးတွေလည်း တက်ရောက်ခဲ့ပါတယ်။
၁၈၈၅ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က အင်္ဂလိပ်နယ်ချဲ့အစိုးရက သီပေါမင်း ၊ စုဖုရားလတ်နဲ့ နန်းတွင်းဝန်ထမ်းတွေကို အိန္ဒိယနိုင်ငံ ရတနာဂီရိကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။