ငြိမ်းချမ်းရေးကော်မရှင် KIO နဲ့ RCSS သီးခြားတွေ့ဆုံ
2018.07.21

တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ရှမ်းပြည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့က ခေါင်းဆောင်တွေကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သီးခြားစီတွေ့ဆုံပြီး တိုက်ပွဲလျော့ချရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
အစိုးရတပ်မတော်နဲ့ RCSS တို့ကြား နှစ်ဖက်သဘောတူစာချုပ်တွေအပေါ် နားလည်သဘောပေါက်မှု လွဲနေတာတွေ ကြောင့် တိုက်ပွဲတွေဖြစ်နေတဲ့အကြောင်းတွေကို မနေ့က ဆွေးနွေးခဲ့တယ်လို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ RCSS ရဲ့ အကြံပေး ဦးခွန်စိုင်းက ပြောပါတယ်။
"တိုက်ပွဲတွေဖြစ်နေတာကို နှစ်ဖက်က ခေါင်းဆောင်တွေက မလိုလားကြဘူး။ တိုက်ပွဲဖြစ်ရတဲ့ အကြောင်းကို မနေ့က လာဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါကျတော့ ပြည်နယ်အဆင့်တို့ ပြည်ထောင်စုအဆင့်တို့ သဘော တူညီချက်တွေအပေါ်မှာ သဘောပေါက်မှုက နှစ်ဖက်က မတူဘူးဖြစ်နေတယ်။ RCSS ကတမျိုး သဘောပေါက် တယ်။ ပေါက်တဲ့အတွက်ကြောင့် တပ်မတော်က ဖောက်ဖျက်တယ်လို့ ယူဆတယ်။ တပ်မတော်ကလည်း ထိုနည်း၎င်းပဲ သူက တမျိုးသဘောပေါက်တယ်။ RCSS ဘက်က ဖောက်ဖျတ်သူလို့ ယူဆတယ်။ အဲဒါကြောင့် သူတို့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်ပေါ့နော်"
ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် နှစ်ဖက်သဘောတူစာချုပ်တွေအပေါ် နှစ်ဖက်နားလည်မှုလွဲနေတဲ့ ကိစ္စတွေကို ဆက်လက်ညှိနှိုင်းဖို့အတွက် လာမယ့်သြဂုတ်လအတွင်းမှာ RCSS နဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ ထပ်မံတွေ့ဆုံဖို့ သဘောတူထားတယ်လို့ ပြောပါတယ်။
တွေ့ဆုံပွဲကို ငြိမ်းချမ်းရေးကော်မရှင်ဘက်က အတွင်းရေးမှူး ဦးခင်ဇော်ဦးက ဦးဆောင်တက်ရောက်ခဲ့ပြီး RCSS ဘက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်ခဲ့ပါတယ်။
ကေအိုင်အိုနဲ့သီးခြားတွေ့ဆုံရာမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဦးဆောင်တက်ရောက်ခဲ့ပါတယ်။
အစိုးရဘက်က အပစ်ရပ်လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အလွတ်သဘော တွေ့ဆုံမှုတွေ မကြာခဏလုပ်ဆောင်သွားဖို့ မူချမှတ်ထားပါတယ်။
လာမယ့် သြဂုတ်လဆန်းမှာ ရန်ကုန်မြို့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတွေ တွေ့ဆုံသွားဖို့လည်းရှိပါတယ်။