KNPP နဲ့ အစိုးရ တရားဝင်တေ့ွဆုံမည်


2018.04.08
knpp-pc-622.jpg KNPP နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ အလွတ်သဘော တွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ကျင်းပစဉ်
Photo: Peace Commission - facebook

အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တွေဟာ လာမယ့်ဧပြီလ ၂၄ ရက်နေ့လောက်မှာ ကယားပြည်နယ် လွိုင်ကော်မြို့မှာ တရားဝင်တွေ့ဆုံသွားမှာဖြစ်ပြီး အဲဒီတေ့ွဆုံပွဲကနေ NCA မှာ လက်မှတ်ထိုးရေး အတွက် အဖြေတစ်ခုထွက်ဖို့ရှိတယ်လို့ KNPP လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံက ဒီနေ့ ပြောပါတယ်။

နှစ်ရက်ကြာပြုလုပ်မယ့် အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ ရလာဒ်အပေါ်မူတည်ပြီး NCA လက်မှတ်ထိုးရေး အတွက် ဆုံးဖြတ်ဖို့ရှိတယ်လို့ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ် က ပြောပါတယ်။

"၂၃၊၂၄၊ ၂၅ ဒီသုံးရက်ထဲက နှစ်ရက်ကို နေ့တစ်ပိုင်းစီ လုပ်မယ်၊ ဒါက သေချာပါတယ်၊ ကျနော်တို့ အဲဒီနေ့ကို သတ်မှတ်ထားလိုက်တယ်လေ၊ လွိုင်ကော် ပြည်နယ်ခန်းမမှာပြောတယ်။ ကျနော်တို့ နှစ်ဖက်သဘောတူညီချက် ကိစ္စ အကောင်အထည်မဖော်နိုင်သေးတဲ့ အချက်တွေ နောက် အထစ်အငေါ့ဖြစ်နေတဲ့ အချက်တွေကို တွေ့ပြီးတော့ ဆွေးနွေးကြမယ်လေ၊ နောက် ဘယ်အထိ အသေးစိတ်လုပ်ပေးနိုင်မယ်ဆိုတာ အဲဒီအပါ်မှာပဲ မူတည်မှာပါ။ ထိုးမယ် မထိုးဘူးဆိုတာ အဲဒီအစည်းအဝေးရဲ့ရရှိလာတဲ့ ရလာဒ်အပေါ်မှာပဲ မူတည်ပါတယ်"

တရားဝင် တွေ့ဆုံပွဲဖြစ်လာဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ KNPP ကိုယ်စားလှယ်တွေ ကယားပြည်နယ် လွိုင်ကော်မြို့မှာ တွေ့ဆုံပြီး ဆွေးနွေးမယ့်အကြောင်းအရာတွေကို အလွတ်သဘော အကြိုညှိနှိုင်းခဲ့ကြပါတယ်။

KNPP ဘက်က အရင်အစိုးရလက်ထက်မှာ ချုပ်ဆိုခဲ့တဲ့ နှစ်ဖက်သဘောတူညီချက် စာချုပ်တွေကို အကောင်အထည် ဖော်ရေး၊ တပ်နေရာချထားရေးနဲ့ ငြိမ်းချမ်ရေးဖော်ဆောင်ရာမှာ အထစ်အငေါ့ဖြစ်နေတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ တင်ပြထားပါတယ်။

အစိုးရငြိမ်းချမ်းရေး ကော်မရှင်ဘက်ကတော့ NCA အပစ်ရပ်လက်မှတ်ထိုးရေးအတွက် ထည့်သွင်းဆွေးနွေးဖို့ တင်ပြထားတယ်လို့ ခူညေးရယ်က ပြောပါတယ်။

KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ဒေသခံရွာသား ၁ ဦးတို့ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီလာမယ့်တွေ့ဆုံပွဲမှာ ထည့်သွင်းဆွေးနွေးသွားမှာ မဟုတ်ပေမယ့် အဲဒီကိစ္စကို စုံစမ်းစစ်ဆေးမယ့် အဖွဲ့မှာတော့ KNPP ကိုယ်စားလှယ် တစ်ဦး ပါဝင်ဖို့ အစိုးရနဲ့ သဘောတူထားတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။