ပြည်နယ်အစိုးရရဲ့ စွပ်စွဲပြောဆိုချက်ဟာ မှန်ကန်မှုမရှိကြောင်း KNPP ထုတ်ပြန်


2018.10.22
knpp-statement-622.jpg ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ၂၀၁၈၊ အောက်တိုဘာ ၂၁ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
.

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုး ဖောက်တယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ စွပ်စွဲပြောဆိုချက်ဟာ မှန်ကန်မှုမရှိကြောင်း KNPP က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဖရူဆိုမြို့အခြေစိုက် ခမရ (၄၂၈) တပ်နဲ့ KNPP တပ်ဖဲ့ွဝင် ၇ ဦးဟာ နန်းကစ်နဲ့ ဘဟန်းလော့ရွာကြားမှာ အောက်တိုဘာလ ၂၀ ရက်နေ့က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလိုတိုက်ပွဲဖြစ်ပွားတာဟာ KNPP ဖက်က ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ ကနေရလာတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူချက်ကို ဖောက်ဖျက်ရာရောက်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ က  အောက်တိုဘာ ၂၀ ရက်နေ့က KNPP လွိုင်ကော်ဆက်ဆံရေးရုံးကို စာပေးပို့ခဲ့တာပါ။ ပြည်နယ်အစိုးရရဲ့ အကြောင်းကြားစာအပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

တပ်မတော်အနေနဲ့ နယ်မြေရှင်းလင်းမယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီချက် ရထားခဲ့ပေမယ့် KNPP တပ်တွေ ပုံမှန်သွားလာတဲ့နေရာတွေအထိ ရောက်ရှိလာတဲ့အတွက် အခုလို ထိပ်တိုက်ဖြစ်ပွားခဲ့တာလို့ KNPP ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် KNPP ဖက်က ခမရ ၄၂၈ ကို ဆက်သွယ်မေးမြန်းရာမှာ ဒု-ရင်းမှူးက တပ်မတော်အနေနဲ့ ပြည်ထောင်စု နယ်မြေအတွင်း တပ်မတော်က သွားလိုတဲ့နေရာ သွားမှာဖြစ်ကြောင်း၊ ကန့်ကွက်စရာ အကြောင်းကြားစရာ မလိုကြောင်း တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို ပြောဆိုချက်ဟာ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ကို ချိုးဖောက်တဲ့အပြင် နယ်မြေ တည်ငြိမ်မှုမရှိအောင် ပြုလုပ်တာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း KNPP က ပြောလိုက်ပါတယ်။

KNPP နဲ့ အစိုးရတပ်မတော်တို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အပြန်အလှန် ကန့်ကွက်ပြောဆိုမှုတွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေအကြား စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်နေသလို မလုံမခြုံခံစားနေရတယ်လို့ ကရင်နီပြည်နယ် အတွင်းက အရပ်ဖက်အဖွဲ့အစည်း ၂၀ နီးပါးက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။