ပုလောမြို့နယ်ထဲက ပျူစောထီးစခန်းကို KNU နဲ့ PDF တွေ ဝင်တိုက်

ပုလောမြို့နယ်ထဲက ပျူစောထီးစခန်းကို KNU နဲ့ PDF တွေ ဝင်တိုက် ပုလောမြို့နယ် ပုလောကုန်းကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းကို ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် သွားတိုက်ခိုက်သည့် KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်
Photo: PPDF

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပုလောကုန်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ကို KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၁၆ ရက် ဒီနေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင် စီတပ်ဘက်က ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (PPDF) က RFA ကို ပြောပါတယ်။

ဒီနေ့မနက် ၆ နာရီဝန်းကျင်ကစပြီး တိုက်ခိုက်ခဲ့ရာမှာ ၃ နာရီကြာမြင့်ပြီး ပျူစောထီးတွေအတွက် စစ်ကူ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုပါ တိုက်ခိုက်နိုင်ခဲ့တာလို့ PPDF ရဲ့ တာဝန်ရှိသူတစ်ယောက် က RFA ကို ပြောပါတယ်။

 "အဲဒီရွာက ပျူစောထီးတွေ တပ်စွဲထားတဲ့နေရာပါ။ ပျူစောထီးအင်အား အများဆုံးရှိတဲ့နေရာ။ ပုလောကုန်းရွာထဲမှာပေါ့"

 အဲဒီတိုက်ပွဲကို KNU၊ ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (PPDF)၊ ပုလော ဒေသကာကွယ်ရေး တပ်ဖွဲ့  (PRDF)၊ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) စတဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ၃ နာရီကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

 ပျူစောထီးတွေအတွက် စစ်ကူလာတဲ့ ပလောက်မြို့ တိုင်းဗဟို (၂) က စစ်ကောင်စီတပ်တွေကိုလည်း PPDF တပ်ဖွဲ့ဝင်တွေက လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

 နောက်ပြီး ပုလောမြို့က စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၂၈၅ တပ်ကလည်း စစ်ကူပို့ပြီး နောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ဝန်းကျင် သေဆုံးနိုင်သလို PPDF ဘက်က တစ်ယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

RFA အနေနဲ့ ထိခိုက်၊ သေဆုံးမှုတွေကို သီးခြားအတည်မပြုနိုင်သေးသလို ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ် ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်ကလည်း ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (PPDF) နဲ့ ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) တို့ ပူးပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။