ကေအဲန်ယူ ခေါင်းဆောင်တွေ ဝန်ကြီးဦးအောင်မင်းနဲ့ ဆွေးနွေး
2013.09.27

ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး ကနေ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ ဖြစ်လာအောင် ကြိုးပမ်းဖို့ ရည်ရွယ်ချက်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိပ်ပိုင်းခေါင်းဆောင်တို့ဟာ ဒီနေ့ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးကြတယ်လို့ KNU ခေါင်းဆောင်တွေက ပြောပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံးက တင်ပြဆွေးနွေးတဲ့ အကြောင်းအရာတွေကို KNU အဖွဲ့ရဲ့ ဗဟိုအလုပ် အမှုဆောင် ပဒို မန်းငြိမ်းမောင်က RFA ကိုပြောပါတယ်။
"အဓိကကတော့ဗျာ အခုအများပြောပြောနေ ကြတဲ့ ပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေကတဆင့် နိုင်ငံရေးကိစ္စတွေ ဆက်လက်ဆွေးနွေးဖို့ အဲဒီကိစ္စတွေပါမယ်၊ နောက်တခါ အင်အားစုအားလုံး တိုင်းရင်းသားတွေရော၊ နိုင်ငံရေးပါတီတွေရော အကုန်လုံးပါဝင်တဲ့ ညီလာခံကြီးတစ်ရပ်ပေါ့ဗျာ အဲဒါတွေကို သဘောထားညှိနှိုင်းဆွေးနွေးပြီးတော့ နည်းလမ်းတွေရှာမှာပေါ့ဗျာ၊ နောက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေက နှစ်ဘက်လိုက်နာရမယ့်ကိစ္စတွေကို ပိုပြီးချောမွေ့လွယ်ကူအောင်ပါ”
ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ KNU ဥက္ကဌ မူတူးစေးဖော ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီအပါအဝင် ခေါင်းဆောင် ၉ ဦးတို့လည်း ပါဝင်ကြတယ်လို့ သိရပါတယ်။
မကြာခင်ကာလမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်တဲ့ ပြည်လုံးကျွတ် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပနိုင်ဖို့ အစိုးရက စီစဉ်နေတယ်လို့ သိရပါတယ်။