ထိုင်းလူသတ်မှု DNA တူညီ
2015.07.24

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ယောက်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ အမှုကို ဇူလိုင်လ ၂၄ ရက်နေ့မှာ ဆက်လက် စစ်ဆေးခဲ့ရာ လူသေ အလောင်းကတွေ့ရတဲ့ DNAနဲ့ တရားခံတွေရဲ့DNA တွေတူ ညီနေတာတွေ့ရှိရကြောင်း ရဲအရာ ရှိနှစ်ဦးက ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
ကော့စမွေခရိုင် တရားရုံးမှာ မနေ့က စစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေ တဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် MWRN အဖွဲ့က ဦးစိန်ဌေးစန်း က RFA ကို အခုလို ပြောဆို ပါတယ်။
"မနက်ပိုင်းကတော့ ရဲမှုခင်းသိပ္ပံက DNA စစ်ရတဲ့ အရာရှိပေါ့နော် ညနေပိုင်းကတော့ ရဲဆေးရုံက ဓါတ်ခွဲခန်းက CIA စစ်ရတဲ့တစ်ယောက် ဆိုတော့ မနက်ပိုင်းမှာက ဒီ ကလေးသုံးယောက်ရဲ့ဆေးလိပ်တိုကနေရတဲ့ DNA နောက်ပြီး ဒီကလေး သုံးယောက်ရဲ့ DNA တွေ အဲ့ဒါတွေကို စစ်ရတဲ့ ရဲပေါ့နော် ညနေပိုင်းမှာကြတော့ ဒီ အလောင်းကနေ ပြီးတော့ စစ်ရတဲ့ရဲပေါ့နော် သူတို့ရဲ့ အပြောအရကတော့ အလောင်းမှာတွေ့တဲ့ DNA နဲ့ ကလေးနှစ်ယောက်ရဲ့ DNA ကတော့ တူတယ်ပေါ့နော် အဲ့လိုမျိုးစွဲပြီးတော့ ပြောသွား တာပေါ့ ဒီဟာကိုတော့ ပြန်ပြီးတော့ ကျွမ်းကျင်တဲ့ ပညာ ရှင်တွေနဲ့ ပြန်ပြီးတော့ ဖြေရှင်းရမှာပေါ့နော်"
ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားခံရှေ့နေတွေဖက်က ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မှုခင်း သိပ္ပံပညာရှင် ဒေါက်တာဖွန်ထစ်ကို တရားရုံးမှာ သက်သေအဖြစ် တင်ပြခွင့်ပြု ဖို့ တောင်းဆိုခဲ့ရာ တရားရုံးက ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
အမှုကိုလာမည့် သြဂုတ်လ ၁၈ ရက်နေ့မှာ ထပ်မံစစ်ဆေးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံသား ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ဖမ်းဆီးခဲ့ပြီး လူသတ်မှုနဲ့ ရုံးတင်စစ်ဆေးနေ တာ ဖြစ်ပါတယ်။