ထားဝယ်မှာ စစ်တပ်နဲ့ ပတ်သက်တဲ့အလုပ်တွေရပ်ဖို့ KTLA သတိပေး
2023.08.31

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောနယ် ကရင်တိုင်းရင်းသားအများစုနေထိုင်တဲ့ ခမောင်းသွယ်နဲ့ ဘန်ချောင်းဒေသမှာ စစ်တပ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို လာမယ့် စက်တင်ဘာလကုန် နောက်ဆုံးထားရပ်တန့်ဖို့ တနင်္သာရီအခြေစိုက် ကော်သူးလေတပ်မတော် KTLA က ဩဂုတ်လ ၃၀ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။
စစ်တပ်ဝင်ငွေရမယ့်ကိစ္စတွေကို တားဆီးချင်လို့ အခုလို ထုတ်ပြန်တာလို့ KTLA ဆာကဆောတပ်မရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းက ပြောပါတယ်။
"အဲဒီဒေသမှာ စစ်တပ်နဲ့ ပေါင်းပြီးလုပ်နေတဲ့ လုပ်ငန်းတွေကတော့ အများကြီးပဲ။ စစ်တပ်ကို လိုင်းကြေးပေးပြီးလုပ်နေတဲ့ လူမှောင်ခိုလုပ်ငန်းတွေ၊ မိုင်းလုပ်ငန်းတွေ၊ ဆီသယ်ယူတာတွေပေါ့လေ။ စစ်တပ်နဲ့ပတ်သက်ပြီးလုပ်နေတဲ့ လုပ်ငန်းကြီးသမားတွေပေါ့နော်၊ အဓိက စစ်တပ်ထဲဝင်မဲ့ ပိုက်ဆံတွေ မစီးဆင်းစေချင်တဲ့သဘောပါ"
စစ်ကောင်စီတပ်ကို ကူညီထောက်ပံ့ပေးနေတဲ့ ရွာသူ၊ ရွာသားတွေနဲ့ ရွာအကြီးအကဲတွေကိုလည်း စစ်တပ်နဲ့ ဆက်လက် မပတ်သက်ဖို့ သတိပေးထားပါတယ်။
ဒီထုတ်ပြန်ချက်ကို မလိုက်နာရင် အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာကိုတော့ တိတိကျကျမသိရပါဘူး။
ထုတ်ပြန်ချက်မှာပါတဲ့ နယ်မြေတွေမှာ KTLA ဆာကဆောတပ်မ၊ KNU တပ်မဟာ ၄ ရဲ့ တပ်ရင်း ၁၀ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တချို့ အခြေချလှုပ်ရှားနေတဲ့နေရာဖြစ်ပါတယ်။ အဲဒီဒေသမှာ ရွှေ၊ ခဲမဖြူ၊ ကျောက်မီးသွေးစတဲ့ သတ္တုမိုင်း တူးဖော်ရေးလုပ်ငန်းတွေကို ဒေသခံတွေ တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြသလို အကြီးစားလုပ်ငန်းတွေလည်း ရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။