ကွတ်ခိုင်က မူးယစ်ဆေးချက်စခန်းတွေကို တပ်ဖမ်းဆီး
2019.07.31

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း တစ်သောင်းခြောက်ထောင် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်တဲ့စခန်းတွေကို တပ်မတော်က လုံခြုံရေး ဆောင်ရွက်ရာကနေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ကွတ်ခိုင်မြို့နယ် ရှောက်ဟော်ကျေးရွာ အရှေ့တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ ချောင်းဆုံနေရာဝန်းကျင်တစ်ဝိုက်မှာ မူးယစ်ဆေးဝါးတွေ ချက်လုပ်နေတယ်လို့ သတင်းရတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ သွားရောက် ရှာဖွေရှင်းလင်းရာမှာ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေအပြင် လူနေတဲတွေနဲ့ မူးယစ်ဆေးဝါးချက်တဲ ၉၆ လုံး ကို ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးနဲ့ဆက်စပ်ပစ္စည်းတွေကို ကွတ်ခိုင်မြို့မ ရဲစခန်းကို ပို့ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒီဖမ်းဆီးရမိမှုနဲ့ ပတ်သက်လို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရှမ်းပြည်နယ် ရဲမှူးချုပ် ဇော်ခင်အောင်ကတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ စက်ရုံလို့ ယူဆရတဲ့ နေရာ ခြောက်နေရာကို တပ်မတော်က ရှင်းလင်းရာကနေ အခုလို တွေ့ရှိခဲ့တာဖြစ်ပြီး လူတွေကိုတော့ ဖမ်းဆီးရမိတာမရှိခဲ့ဘူး လို့ ပြောပါတယ်။
ဒီဖမ်းဆီးရမှုဟာ ရှမ်းပြည်နယ်မှာ ဒီနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ တန်ဖိုး ပမာဏ အများဆုံးဖြစ်နိုင်တယ်လို့ ရဲမှူးချုပ် ဇော်ခင်အောင်က ခန့်မှန်းပြောဆိုပါတယ်။
(RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ)