မိုင်းငေါ့မှာ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံး

RFA Burmese
2023.12.27
မိုင်းငေါ့မှာ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာမှ ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: Ta'ang Women's Organization

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ မန်ခေါက်ရွာမှာ စစ်ကောင်စီဘက်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ဒီဇင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့ နေလယ်က တိုက်ပွဲဖြစ်တာမရှိဘဲ မိုင်းငေါ့တပ်ကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ရွာသားတစ်ဦးထိခိုက်သေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

သေဆုံးသွားသူက အသက် ၄၀ အရွယ် ဦးစိုင်းလိတ်ဖြစ်ပြီး အသက် ၅၀ အရွယ်ဦးကျော်မိုးကတော့ လက်ဖဝါးတွေမှာ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

ကျောက်မဲမြို့နယ် စစ်ကောင်စီရဲ့ မိုင်းငေါ့တပ်စခန်းကနေ မန်ခေါက်ရွာထဲကို လက်နက်ကြီးနဲ့ ခြောက်ကြိမ်ပစ်ခတ်ခဲ့ပြီး ဒေသခံတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

TWO စာရင်းတွေအရ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကလေး (၂၈) ဦး၊ အမျိုးသမီး (၃၆) ဦးနဲ့ အမျိုးသား (၄၅) ဦး အပါအဝင် အရပ်သား (၁၂၃) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၂၃၉) ဦးအထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။