ရဲ ၅ ဦးကို ဥပဒေနဲ့အညီ အကာအကွယ်ပေးဖို့ ကိုယ်စားလှယ် ပြော
2018.05.10

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာ တရားမဝင်သစ်သယ်ဆောင်မှုကို ဖော်ထုတ်ခဲ့တဲ့ ရဲတပ်သား ငါးယောက်ကို အန္တရာယ်မကျရောက်စေဘဲ ဥပဒေနဲ့အညီ အကူအညီပေးဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ NLD က လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီခဲ့ပါတယ်။
ဟိုတယ်ကျောက်ဆည်မှာ ဒီနေ့ ဆွေးနွေးပွဲပြုလုပ်ခဲ့တဲ့အကြောင်း ကျောက်ဆည်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင်အောင် က ပြောပါတယ်။
"လက်ရှိအမှုကြီးပေါ်မှာ ဘာတွေလုပ်နေသလဲ ငါတို့ကဂဃဏနမသိဘူး၊ ဒီဘက်က တကယ်ပူးပေါင်းပါဝင်တဲ့ အဖွဲ့အစည်းပြောတာတွေ ကြားပြီးပြီ၊ ပြည်သူ့ရဲ့တပ်ဖွဲ့ရော ဘာတွေလုပ်ထားပြီးပြီလဲ၊ ဒါကို ငါတို့သေသေချာချာ သိချင်တယ်၊ လိုအပ်ရင်အပေါ်မှာ ဆက်မေးသင့်ရင်မေးမယ်"
ဧပြီလ ၂၆ ရက်နေ့က တရားမဝင်သစ်သယ်ဆောင်လာခဲ့တဲ့ ကားကိုဖမ်းဆီးစစ်ဆေးခဲ့ရာမှာ သစ်ခိုးထုတ်ရာမှာ ပါဝင်ခဲ့တဲ့သူတွေကိုလည်း ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မနဲ့ အရေးယူထားတယ်လို့ အမည်မဖေါ်လိုသူ ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။
တရားမဝင် တန်ချိန် ၅ တန်လောက်ရှိတဲ့ ပိတောက်ရွေးတုံးတွေကို သယ်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်ပိုင်ရှင်တို့ကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနက တောအုပ် ဦးသက်ဝင်းအောင်က တရားလိုပြုလုပ်ပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။