စစ်ဆေးခံနေရတဲ့ ကျောက်ဆည်ရဲတပ်ဖွဲ့ဝင် ၅ ဦးကို ပြစ်ဒဏ်ချမှတ်


2018.08.02

တရားမဝင် သစ်သယ်ဆောင်လာသူနှစ်ဦးကို ပြန်လွှတ်ပေးလိုက်တာကြောင့် ရဲတရားရုံးက စစ်ဆေးနေ တဲ့ ကျောက်ဆည်မြို့နယ်က ရဲတပ်ဖွဲ့ဝင် ၅ ဦးကို ပြစ်ဒဏ်အသီးသီးချမှတ်လိုက်ပါတယ်။

ရဲအရာရှိလေးဦးနဲ့ အခြားအဆင့်ရဲတပ်ဖွဲ့ဝင် တစ်ဦး စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၅ ဦးမှာ သုံးဦးကိုတော့ ထောင်ဒဏ် အသီးသီးချမှတ်ပြီး နှစ်ဦးကိုတော့ ရာထူးတစ်ဆင့်လျော့လိုက်တယ်လို့ ကျောက်ဆည်မြို့မ ရဲစခန်းမှာ ယာယီ စခန်းမှူးအဖြစ် တာဝန်ယူထားတဲ့ ဒုရဲမှူး သန်းကျော်ဌေးက RFA ကို အတည်ပြုပြောပါတယ်။

"မြို့နယ်မှူးက ရာထူးလျော့တယ်၊ စခန်းမှူးက ထောင်ဒဏ်တစ်နှစ်၊ ဒုတပ်ကြပ်က သုံးနှစ်၊ ရဲအုပ် က ထောင်ဒဏ် ၂ နှစ်၊ စခန်းမှူးအဟောင်းက တစ်နှစ်ကျတယ်၊ အသစ်က ရာထူးလျောတယ်၊ မြို့နယ်မှူး က ရဲမှူးကနေ ရာထူးလျောတော့ ဒုရဲမှူး ဖြစ်ပါတယ်၊ ထွက်တဲ့ အမိန့်ကတော့ မနေ့ကထွက်တယ်၊ ကျနော်တို့ဆီကိုတော့ ဒီနေ့မှရောက်တယ်၊ အမိန့်ချတယ်ဆိုတာ ရဲတရားရုံးကစစ်ဆေးပြီး ရဲတပ်ဖွဲ့ရဲ့ ဌာနချုပ် ရဲချုပ်ဆီ အတည်ပြု တင်ပြီး အဲဒီအတည်ပြုတင်ပြီးတော့မှ အဲဒီအတည်ပြုချက်က ဒီနေ့ ကျတာပေါ့"

တရားမဝင်သစ်သယ်ဆောင်လာသူနှစ်ဦးကို ဖမ်းမိထားရာကနေ ပြန်လွှတ်ပေးလိုက်ပြီး ပိုင်ရှင်မဲ့ အဖြစ် ပြောင်းလဲအမှုဖွင့်ဖို့ စီစဉ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီ ရဲတပ်ဖွဲ့ဝင် ၅ ဦးထဲက ဒုတပ်ကြပ်ကိုတော့ ထောင်ဒဏ် သုံးနှစ်၊ ရဲအုပ်တစ်ဦးကိုတော့ ထောင်ဒဏ် ၂ နှစ်၊ ကျောက်ဆည်မြို့မ စခန်းမှူးအဟောင်းကိုတော့ ထောင်ဒဏ် တစ်နှစ်၊ ကျောက်ဆည်မြို့မ စခန်းမှူး အသစ်ကိုတော့ ဒုရဲမှူး ရာထူးက တစ်ဆင့်လျော့ပြီး ရဲအုပ်အဖြစ်ရာထူးချပြီး ကျောက်ဆည်မြို့နယ်ရဲစခန်းမှူး ရဲမှူးကိုတော့ ဒုရဲမှူး ရာထူးတစ်ဆင့်လျော့ပြီး ရဲတရားရုံးက အမိန့်ချခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ရန်ကုန်-မန္တလေးကားလမ်း မောင်းနှင်လာတဲ့ ကားတစ်စီးကို ကျောက်ဆည်မြို့မ ရဲစခန်းက ရဲတပ်သားနှစ်ဦးက မသင်္ကာလို့ဆိုပြီး ဆိုင်ကယ်နဲ့ လိုက်လံတားမြစ်စစ်ဆေးခဲ့ရာမှာ တရားမဝင် ပိတောက်သားတုံးတွေကို သယ်ဆောင်လာတာတွေ့တဲ့အတွက် နောက်ထပ်ရဲတပ်သားနှစ်ဦးကိုခေါ်ပြီး ရဲစခန်းဆီ ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို ဖမ်းမိလာသူနှစ်ဦးကို ကျောက်ဆည်မြို့မ ရဲစခန်းတာဝန်ရှိသူတွေက ပြန်လွှတ်ပေးလိုက်ပြီး တရားမဝင်သစ် သယ်ဆောင်လာ့ဲ့ကားကို ပိုင်ရှင်မဲ့အဖြစ်သတ်မှတ်ခဲ့တဲ့အကြောင်း အင်တာနက် လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တာဖြစ် ပါတယ်။

အဲဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦးကို ပြီးခဲ့တဲ့ မေလကစပြီး ရဲတရားရားရုံးမှာ စစ်ဆေးခဲ့ပြီးနောက် နှစ်လ နီးပါးအကြာမှာ အခုလို အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။