သစ်ခိုးထုတ်မှုကို ဖော်ထုတ်ဖမ်းဆီးတဲ့ ရဲတပ်သား ၅ ဦးကို ဂုဏ်ပြု
2018.06.09

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့မှာ တရားမဝင် သစ်ခိုးထုတ်သယ်ဆောင်လာသူ နှစ်ဦးကို ဖော်ထုတ် ဖမ်းဆီးခဲ့တဲ့ ရဲတပ်သား ၅ ဦးကို ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဒီနေ့ ကျောက်ဆည်မြို့ ဝေဇယန္တာခန်းမမှာ ဂုဏ်ပြုပွဲကျင်းပခဲ့ပါတယ်။
သစ်ခိုးထုတ်မှုကို ဖော်ထုတ်တဲ့ ရဲတပ်သား ၅ ဦးလို တာဝန်သိဝန်ထမ်းတွေ နိုင်ငံတဝှမ်းမှာ ပေါ်ပေါက်စေချင်တဲ့ အတွက် ကျင်းပတာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ဦးဆောင်သူတွေက ပြောပါတယ်။
ကျောက်ဆည်မြို့မှာ ဧပြီလ ၂၆ ရက်နေ့က ရန်ကုန်-မန္တလေးကားလမ်း မောင်းနှင်လာတဲ့ ကားတစ်စီးကို ကျောက်ဆည်မြို့မရဲစခန်းက ရဲတပ်သားနှစ်ဦးက မသင်္ကာလို့ဆိုပြီး ဆိုင်ကယ်နဲ့ လိုက်လံတားမြစ်စစ်ဆေးခဲ့ တာဖြစ်ပါတယ်။ အဲဒီလိုစစ်ဆေးရာမှာ တရားမဝင် ပိတောက်သားတုံးတွေ တင်ဆောင်လာတာကို တေ့ွရှိရတဲ့အတွက် နောက်ထပ်ရဲတပ်သားနှစ်ဦးကို ထပ်ခေါ်ပြီး ရဲစခန်းဆီ ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလိုဖမ်းမိလာသူ နှစ်ဦးကို ကျောက်ဆည်မြို့မရဲစခန်း တာဝန်ရှိသူတွေက ပြန်လွှတ်ပေးလိုက်ပြီး တရားမဝင်သစ်တွေ သယ်ဆောင်လာတဲ့ ကားကို ပိုင်ရှင်မဲ့အဖြစ် သတ်မှတ်ခဲ့ကြောင်း နောက်ထပ်ရဲတပ်သား တစ်ဦးကလည်း အဲဒီဖြစ်စဉ်ကို သိရှိခဲ့ပြီး ကျေနပ်မှုမရှိခဲ့ကြောင်း အဲဒီကိစ္စဟာ အင်တာနက်လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
ကျောက်ဆည်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဲဒီကိစ္စနဲ့ပတ်သက်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၅ဦးနဲ့ ပူးပေါင်းပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမဝင်သစ်သယ်ဆောင်မှုနဲ့ပတ်သက်တဲ့ အဓိက သက်ဆိုင်သူနဲ့ ရဲစခန်း တာဝန်ရှိသူတွေကို ရဲတရားရုံးမှာ စစ်ဆေးပြီးဖြစ်ပေမယ့် ရလဒ်မထွက်သေးဘူးလို့ သိရပါတယ်။
အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်၊ ကိုဂျင်မီ နဲ့ ဦးကိုကိုကြီး တို့လည်း တက်ရောက် ဂုဏ်ပြုခဲ့ပါတယ်။