ပန်းတနော်မှာ အက်ဆစ်နဲ့ တိုက်ခိုက်သူကို ၈ လကြာတဲ့အထိ ခြေရာမခံနိုင်သေး

သန့်ဇင်ဦး
2020.06.11

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့က အက်ဆစ်နဲ့ အပက်ခံရခဲ့ရတဲ့ဖြစ်စဉ်အတွက် အဓိကကျတဲ့ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆ နဲ့ ဖွင့်ထားတဲ့အမှုဟာ ဖြစ်စဉ်စဖြစ်တဲ့နေ့ကနေ ရှစ်လနီးပါးကြာတဲ့ ဒီနေ့အချိန်အထိ တရားခံကိုလည်း မမိသေးသလို အသစ်ရောက်ရှိလာတဲ့ ရဲအရာရှိက အမှုကို ပြန်လည်စုံစမ်းစစ်ဆေးနေပြီလို့ ပြောပါတယ်။

ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ညက အမည်မသိ လူနှစ်ဦးရဲ့ အက်ဆစ်ပက် အတိုက်အခိုက်ခံရမှုအတွက် အဲနေ့ညမှာပဲ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ နဲ့ ပန်းတနော် မြို့မရဲစခန်းမှာ ဖွင့်ထားတဲ့အမှုဟာ ရှစ်လနီးပါးကြာတဲ့ ဒီနေ့အချိန်အထိ ထူးခြားမှု တစ်စုံတစ်ရာ မရှိသေးဘူးလို့ ကာယကံရှင်ဖြစ်တဲ့ မလဲ့လဲ့ဝင်း က ပြောပါတယ်။

အက်ဆစ်နဲ့ အပတ်ခံခဲ့ရတဲ့ မလဲ့လဲ့ဝင်းနဲ့ ဒေါ်ဥမ္မာလင်းတို့ဟာ အက်ဆစ်ဒဏ်ကြောင့် ဆေးကုသနေရတဲ့အတွက် ဒေါ်ဥမ္မာလင်းရဲ့ အဒေါ်ဖြစ်သူ ဒေါ်မြစိန်က သူတို့ နှစ်ယောက်ကိုယ်စား ရဲစခန်းမှာ အပြင်းအထန် နာကျင်စေမှုနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ပန်းတနော်မြို့နယ် ရဲစခန်းမှူး အသစ်ပြောင်းလာပြီးတဲ့အချိန် ဇွန်လ ၁၀ ရက်နေ့မှာတော့ အမှုအခြေအနေကို သိရဖို့ သွားမေးခဲ့ပြီး အမှုအမြန်ပေါ်ဖို့ မျှော်လင့်မိတယ်လို့ မလဲ့လဲ့ဝင်း ပြောပါတယ်။

“သူ့အနေနဲ့ အမှုလမ်းကြောင်းကို ပြန်ဖတ်နေတယ်၊ ပြီးတော့ အိမ်ကိုလည်းလာတွေ့မယ်၊ မသင်္ကာတဲ့ သူတွေကိုလည်း အစကနေပြန်စစ်မယ်လို့ ပြောပါတယ်။ ဖိဖိစီးစီးနဲ့ ဒီအမှုကိုပေါ်ရေး ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်၊ လေးလေးနက်နက် ပြန်ဆောင်ရွက်မယ် ဒီအမှုအတိုင်း သေသေချာချာ လိုက်မယ်ဆိုရင်တော့ အမှုကပေါ်ဖို့ရှိပါတယ်၊ အဲလိုမျိုးရှိနိုင်တယ်လို့လည်း ကျွန်မ မျှော်လင့်တယ် ယုံကြည်ထားတယ်ပေါ့”

ဒဏ်ရာတွေကနေ အနည်းငယ်ပြန်သက်သာလာတဲ့ မလဲ့လဲ့ဝင်းက သူကိုယ်တိုင်အမှုသွားဖွင့်တဲ့အခါမှာတော့ အပြင်းအထန်နာကျင်စေမှုကို ရှေ့မှာတစ်ယောက် ဖွင့်ထားပြီးသားဖြစ်တဲ့အတွက် ထပ်ဖွင့်ခွင့်မရခဲ့ပါဘူး။

အသစ်ရောက်ရှိလာတဲ့ ပန်းတနော်မြို့နယ် ရဲစခန်းမှူး ဒုရဲမှူး ဝင်းမြင့်ကို RFA က ဆက်သွယ်တဲ့အခါမှာ အမှုနဲ့ ပတ်သက်ပြီး မသင်္ကာတာတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။

“ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ လောလောဆယ်တော့ မသင်္ကာတဲ့ဟာတွေတော့ လိုက်ပြီးစုံစမ်းနေ တယ်ပေါ့၊ ညပိုင်းဖြစ်ခဲ့တယ်ဆိုတော့လည်း ကာယကံရှင် ကိုယ်တိုင်ကလည်း တိတိကျကျ သိပ်ပြီးတော့ မပြောနိုင်ဘူးလေ အဲဒါကြောင့်မို့လို့ပါ၊ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ တတ်နိုင်သရွှေ့ ပတ်ဝန်းကျင် တွေ ဘာတွေလိုက်ပြီးတော့ စုံစမ်းနေပါတယ်၊ ဘယ်လောက်လောက် ခန့်မှန်းဖို့ဆိုတာတော့ အတိအကျ ပြောလို့မရဘူးလေ၊ ချက်ခြင်းဖြစ်ချင်လည်းဖြစ်မယ်၊ ချက်ခြင်းမဖြစ်ချင်လည်း မဖြစ်ဘူး၊ ပုံသေကားချပ် ပြောလို့တော့ မရသေးဘူး၊ စုံစမ်းနေတယ်ပေါ့နော် အဲလောက်ပါပဲ”

မလဲ့လဲ့ဝင်းကိုယ်တိုင် ဖွင့်ခွင့်ရခဲ့တဲ့အမှုတွေကတော့ ရာဇသတ်ကြီးပုဒ်မ ၄၅၁ အိမ်ကျော်နင်းမှု၊ ပုဒ်မ ၅၀၆ ခြိမ်းခြောက်မှု၊ ပုဒ်မ ၂၉၄ ဆဲဆိုမှုနဲ့ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြစ်ပြီး အမှုဖွင့်ခံရသူတွေကတော့ ပန်းတနော် ရဲစခန်းက ရဲဝန်ထမ်းနှစ်ယောက်နဲ့ အရပ်သားနှစ်ယောက်ဖြစ်ပါတယ်။

အဲဒီအမှုတွေအတွက် ရဲစခန်းက စစ်ဆေးချက်တွေအရ ဥပဒေရုံးမှာ ဥပဒေအကြံပေးတောင်းပြီးတဲ့ နောက်မှာတော့ စွပ်စွဲခံရသူတွေထဲက ဒေါ်မြင့်မြင့်မော်ဆိုသူ တစ်ယောက်ကိုပဲ အိမ်ကျော်နင်းမှု၊ ခြိမ်းခြောက်မှုတွေနဲ့ ပန်းတနော် မြို့နယ်တရားရုံးကို တရားစွဲဆိုတင်ပို့ခဲ့ပြီး လက်ရှိ အမှုဆက်လက်ခံ စစ်ဆေးနေပါတယ်။

ဒီအမှုတွေကလည်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လေးလအကြာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ RFA က သတင်း ထုတ်လွှင့်ခဲ့ပြီးနောက် မတ်လ ၁၉ ရက်မှာမှ ပန်းတနော်ရဲစခန်းမှာ အမှုဖွင့်ခွင့်ရခဲ့သလို ခုနှစ်လအကြာမှာ တရားရုံးကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အမှုအမြန်ပေါ်အောင် ကူညီပေးနေသူတစ်ယောက်ဖြစ်တဲ့ ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းညွန့်သိန်းက ဇွန်လ ၁၀ ရက်နေ့မှာ ကြာနေပြီဖြစ်တဲ့ အပြင်းအထန်နာကျင်စေမှုအတွက် အခြေအနေသွား မေးခဲ့ပြီး စုံစမ်းဆဲလို့သာ သိခဲ့ရတယ်လို့ ပြောပါတယ်။

သူ့အနေနဲ့လည်း ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တွေကနေတဆင့် ဆက်လက်ကူညီပေးဖို့ ရှိတယ်လို့ RFA ကို ပြောပါတယ်။

“သူတို့က အမှုတွဲကတော့ ဆက်ပြီးတော့ စုံးစမ်းဆဲရှိနေပါတယ်တဲ့ ဒီဟာကတော့ သက်သက်တစ်မှုပေါ့ အဲလို ပြောတယ်၊ သူတို့ကလည်း ဆက်လက်ဆောင်ရွက်ဆဲဆိုတော့ တို့ကတော့ ဘာလုပ်တတ်မလဲ၊ ဘယ်လိုကူညီ နိုင်မလဲဆိုတော့ သူတို့ကိုကြည့်မယ်လေ၊ ထပ်ပြီးတော့ ဥပဒေအထောက်အကူပြုကို ထပ်မေးမယ်၊ ဒီမှာလည်း မြို့နယ်က အထောက်အကူပြုဖွဲ့ ထားတယ်လည်းပြောတယ် အဲဒါကို စုံစမ်းကြည့်ရဦးမယ်”

မလဲ့လဲ့ဝင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၄ ရက်နေ့ညက ပန်းတနော်မြို့လယ်ခေါင်အိမ်ရှေ့မှာ အက်ဆစ်နဲ့ ပက်ခံခဲ့ရလို့ မျက်နှာတစ်ခုလုံးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး အရေပြားတွေ ပျက်စီးသွားခဲ့ရတာပါ။

မော်တော်ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရောက်လာပြီး ရုတ်တရက် အက်ဆစ်နဲ့ ပက်သွားတာလို့ မလဲ့လဲ့ဝင်းက ဆိုပါတယ်။

အက်ဆစ်နဲ့ အပက်ခံရတဲ့အမှု အမြန်ပေါ်ဖို့အတွက် ကာယကံရှင် မလဲ့လဲ့ဝင်းကိုယ်တိုင် ဧရာဝတီတိုင်းဒေသကြီး မှုခင်းတပ်ဖွဲ့  CID နဲ့ နေပြည်တော်အထိ တိုင်ကြားစာတွေ အဆင့်ဆင့် ပေးပို့ထားပေမယ့် ရှစ်လနီးပါးကြာတဲ့ အချိန်အထိ စုံစမ်းဆဲအခြေအနေမှာသာ ရှိနေသေးတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။