လားရှိုး လဝက ဝန်ထမ်း ၇ ဦးကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်
2019.06.13
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လ.ဝ.က) မြို့နယ်ဦးစီးမှူးနဲ့ ဒု-လူဝင်မှုကြီးကြပ်ရေးမှူး အပါအဝင် လဝက ဝန်ထမ်း ၇ ဦးနဲ့ ကူညီပေးသူ ၁ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/ ၆၃ နဲ့ လားရှိုးမြို့မ ရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်ပါတယ်။
လားရှိုးမြို့ဒေသခံတွေ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်တာ၊ မွေးတိုးစာရင်းပြုလုပ်တာနဲ့ အိမ်ထောင်စုစာရင်းပြုလုပ် တာတွေမှာ မြို့နယ် လ.ဝ.က ရုံးဝန်ထမ်း ၇ ဦးဟာ ငွေကြေးရယူဆောင်ရွက်ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် တာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်လိုက်တာဖြစ်ကြောင်း ကော်မရှင်က မနေ့ညနေမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကလည်း မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် သရက္ကန်ကျေးရွာမှာ အာဏာပိုင် အဖွဲ့အစည်းတွေက ငွေကြေးရယူပြီး တရားမဝင် ရေနံလက်ယက်တွင်းတွေ လုပ်ကိုင်ခွင့်ပေးထားတာကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် လေးဦးကို အဂတိတိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုဖွင့်ထားပါတယ်။