မတ္တရာမှာ စစ်ကောင်စီစစ်ကြောင်းက အရပ်သားတစ်ဦးသတ်ဖြတ်ခဲ့ပြီး နေအိမ်အလုံး ၂၀ မီးရှို့ခဲ့

RFA Burmese
2024.05.04
မတ္တရာမှာ စစ်ကောင်စီစစ်ကြောင်းက အရပ်သားတစ်ဦးသတ်ဖြတ်ခဲ့ပြီး နေအိမ်အလုံး ၂၀ မီးရှို့ခဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ် ချောင်းတော်ဝကျေးရွာမှ မီးရှို့ဖျက်ဆီးခံထားရသည့် အဆောက်အဦတစ်ခုအား ၂၀၂၄ ခုနှစ် မေလ ၄ ရက်နေ့က တွေ့ရစဉ်။
ကိုဘိုတောက်

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ မေလ ၄ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ် ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ပြည်သူတစ်ဦးကို သတ်ဖြတ်သွားတာလို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုတောက်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ သတ်ဖြတ်ခံရတဲ့ ပြည်သူကတော့ ရှားစေးချက်ရွာက ကိုဖိုးဖော် အမည်ရှိ အသက် ၃၀ ခန့် ပြည်သူအမျိုးသားတစ်ဦး အသတ်ခံရတာ ဖြစ်ပါတယ်၊ သူကတော့ စစ်ကောင်စီ စစ်ကြောင်းနဲ့တွေ့ပြီး သတ်ဖြတ်ခြင်းခံရတာ ဖြစ်ပါတယ်၊ မီးရှို့ခံရတာက ချောင်းတော်ဝကျေးရွာက စာသင်ကျောင်းအပါအဝင် နေအိမ်အလုံး ၂၀ မီးရှို့အဖျက်စီးခံရတာပါ"

မေလ ၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ် အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ မတ္တရာမြို့နယ်အရှေ့ဘက်အခြမ်းကို သုံးနေရာခွဲပြီး စစ်ကြောင်းထိုးခဲ့တာလို့လည်း ဆိုပါတယ်။

နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဘယ်တပ်ရင်းတွေပါဝင်တယ်ဆိုတာတော့ မသိရသေးဘူးလို့လည်း ကိုဘိုတောက်က ပြောပါတယ်။

ကျောင်းကုန်း၊ ဇီးဖြူကုန်း၊ ချောင်းကြီးရိုး၊ ချောင်းတော်ဝ၊ ကျွဲတက်၊ ဆိပ်သာ၊ ရှားသီးချက်၊ သပြေလှ၊ ကျွဲကျ၊ တောင်ကိုင်း၊ ရုံးပင်၊ ချောင်းပေါက် စတဲ့ ကျေးရွာ တစ်ဆယ်ကျော်က ဒေသခံ ၁၅၀၀ ကျော်လည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။

မတ္တရာမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားကိုသတ်ဖြတ်ခဲ့တာ၊ နေအိမ်တွေ မီးရှို့တယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကလည်း မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာ လေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီနဲ့ လက်အောက်အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် လေးထောင်ခန့် (၃,၉၆၀ လုံး) ဆုံးရှုံးခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar က မေလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။