မန္တလေးတိုင်း လေပြင်းတိုက်မှု လူ ၃ ဦးသေ၊ အိမ် ၇ဝဝ ပျက်စီး
2016.05.01

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်မှာ မနေ့ညနေက လေပြင်းတိုက်ခတ်ပြီး မိုးကြီးတာကြောင့် လူနေအိမ်ခြေ ၇ဝဝ ကျော် ပျက်စီးပြီး ဒေသခံ ၃ ဦး သေဆုံးခဲ့ပါတယ်။
မန္တလေးတိုင်းအတွင်းမှာ ရမည်းသင်းမြို့နယ်က လေဘေးဒဏ်ခံရပြီး ပျက်စီးဆုံးရှုံးမှု အဆိုးဝါးဆုံးဖြစ်တယ်လို့ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က ပြောပါတယ်။
"ရမည်းသင်းက အဆိုးဆုံး၊ မနေ့က စဉ့်ကိုင်တို့ ဘာတို့လည်းပဲဖြစ်တယ်၊ သို့သော် ရမည်းသင်းလောက် မပြင်းထန်ဘူးပေါ့ဗျာ၊ ကျနော်တို့ ရမည်းသင်းမြို့နယ်တစ်ခုလုံးမှာ သေဆုံးတာက ၃ ဦးရှိပါတယ်၊ အုတ်တံတိုင်းပေါ့ နံရံပြိုကျပြီး ပိလို့သေတာက တစ်ဦး၊ သစ်ပင်ပိလို့ သေတာက နှစ်ဦးပေါ့ဗျာ၊ သုံးဦး သေဆုံးတယ်"
ထိခိုက်ဒဏ်ရာရရှိသူ ၉ ဦးဟာ မန္တလေးဆေးရုံကြီးမှာ ဆေးကုသခံနေပြီး အခြေအနေစိုးရိမ်ရသူ တစ်ဦးကို နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။ ဒါ့အပြင် ကဲျွ၊ နွားတိရစ္ဆာန် တစ်ထောင်နီးပါး သေဆုံးခဲ့ပါတယ်။
ကျောက်ဆည်မြို့နယ် အနောက်သာဂရရွာမှာလည်း နေအိမ် ၂ဝ ကျော် ပျက်စီးပြီး ဒေသခံတစ်ဦး မိုးကြိုးထိမှန်သေဆုံးခဲ့ပါတယ်။
မနေ့ညနေက လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ လယ်ဝေး စတဲ့မြို့နယ်တွေမှာ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့သလို ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်မှာလည်း နေအိမ် ၄ဝဝ နီးပါး အမိုးအကာတွေ ပျက်စီးခဲ့ပါတယ်။
ပန်းတောင်းမြို့နယ်မှာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၂၅ဝ ကျော်ရှိတယ်လို့ ကျေးလက်ဒေသ ဖံ့ွဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ဧပြီလ ၃ဝ ရက်နေ့ကနေ လာမယ့် မေလ ၅ ရက်နေ့အထိ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်၊ မွန် စတဲ့တိုင်းနဲ့ ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာပြီး လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေကျတာနဲ့ မိုးကြိုးပစ်တာ စတဲ့သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားပါတယ်။