မောင်တောမှာ တောင်ယာသွားလုပ်သူ ၂ ဦးသေဆုံးပြီး အမျိုးသမီး ၄ ဦးပျောက်နေ
2017.08.03

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးကျေးရွာမှာ ဒီနေ့မနက်ပိုင်းက တောင်ယာကိုသွားတဲ့ အမျိုးသားနှစ်ဦး ဒဏ်ရာတွေနဲ့တောထဲမှာ သေဆုံးနေပြီး အမျိုးသမီး ၄ ဦးပျောက်ဆုံးနေတယ်လို့ ကနဦးရရှိတဲ့သတင်းတွေအရ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
အဲဒီလိုသေဆုံးနေတာကို ရွာခံတစ်ဦးက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကို မသိရသေးဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ကပြောပါတယ်။
"မောင်တော တောင်ပိုင်း ကိုင်ကြီးကျေးရွာ(မြို) ရွာလေးရှိပါတယ်၊ အဲ့မှာတောင်ယာသွားတဲ့ လူတစ်ယောက်က အဲ့ဖြစ်စဉ်ဖြစ်နေတာကိုသွားတွေ့တာ၊ ၂ ဦးသေပြီး ၄ ဦးပျောက်နေတာ တွေ့ရပါတယ်၊ ရဲကိုလာပြီး သတင်းပို့ပါတယ်၊ ခမ၇ ၃၈၀ နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ ဖြစ်တဲ့နေရာကိုလိုက်ပြီးတော့ ရှင်းနေပါတယ်၊ "
ကိုင်းကြီးကျေးရွာမှာနေထိုင်တဲ့ အမျိုးသမီး ၅ ယောက်၊ အမျိုးသား ၃ ယောက်တို့ဟာ ဒီနေ့ မနက် ၈ နာရီလောက်က တောင်ယာကို သွားရောက်ခဲ့ကြတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။
သေဆုံးသူတစ်ဦးရဲ့ အဖေဖြစ်သူက နောက်ထပ် တစ်နာရီလောက်အကြာမှာ ရွာကနေ အဲဒီလမ်းကြောင်းအတိုင်း တောင်ယာကို ထပ်မံသွားရောက်ရာမှာ သေနတ်သံ ၁၀ ချက်လောက်ကြားရပြီး သေဆုံးသူ နှစ်ဦးရဲ့အလောင်းနဲ့ ဒဏ်ရာရသူ အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ဒီနေ့ညနေပိုင်းအထိ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သယ်ယူနိုင်ခြင်းမရှိသေးသလို ပျောက်ဆုံးနေသူတွေ ကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကိုင်းကြီးကျေးရွာဟာ အိမ်ခြေ ၅၀ ကျော်လောက်ရှိပြီး မြိုတိုင်းရင်းသားတွေနေထိုင်တဲ့ ကျေးရွာတစ်ခုဖြစ်သလို ၂၀၁၂ ခုနှစ်က အကြမ်းဖက်သမားတွေ မီးရှို့တာကိုခံခဲ့ရတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။