ရခိုင်မှာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ တရားခံပြေး ၁၃ဝဝ ကျော်ရှိ
2017.06.30

ရခိုင်ပြည်နယ် မောင်တောခရိုင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နယ်ခြားစောင့် ရဲကင်းစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး လူကြီးတရားခံ ၅၁၆ ဦးနဲ့ ကလေး တရားခံ ၅ ဦးကို တရားစွဲဆိုခဲ့ပြီး တရားခံပြေးကတော့ လူပေါင်း ၁၃၀၀ ကျော်အထိရှိတယ်လို့ ရခိုင်ပြည်နယ် တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်က ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်း အဝေးမှာ ပြောပါတယ်။
နိုင်ငံတော်ဒုတိယသမ္မတရဲ့ လမ်းညွှန်မှုနဲ့ အမှုတွေကို ဘူးသီးတောင်မြို့ပေါ်မှာ မောင်တောခရိုင်တရားရုံးအဖြစ် သီးသန့်ဖွင့်လှစ်ပြီး စစ်ဆေးနေတယ်လို့လည်း ပြည်နယ်တရားသူကြီးချုပ်က ပြောပါတယ်။
"ဒီအမှုတွေကို ကျနော်တို့ ဘူးသီးတောင်မြို့မှာပဲ မောင်တောခရိုင်တရားရုံး ရုံးထိုင်အဖြစ်နဲ့ သီးခြားဖွင့်ပြီးတော့မှ စစ်ဆေးဆောင်ရွက်နေတာတွေ ရှိပါတယ်"
ရခိုင်ပြည်နယ်တရားလွှတ်တော်နဲ့ လက်အောက်တရားရုံးအဆင့်ဆင့်တို့ရဲ့ တရားစီရင်ရေးဆိုင်ရာ အခြေ အနေတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြည်နယ် တရားသူကြီးချုပ် ဦးကျောက်က တင်သွင်းခဲ့ရာမှာ ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
တရားစွဲဆိုထားတဲ့ ကလေးတရားခံတစ်ဦးက သေဆုံးခဲ့ပြီး အဲဒီအထဲက တချို့အမှုတွေက ပြီးပြတ်ပြီဖြစ်သလို တချို့အမှုတွေကိုတော့ ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း ပြည်နယ်တရားသူကြီးချုပ် ဦးကျောက် ကပြောပါတယ်။
ဒါ့အပြင် အဲဒီအကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ တရားခံတချို့ကို မောင်တောခရိုင်၊ မောင်တောမြို့နယ်နဲ့ စစ်တွေခရိုင်၊ စစ်တွေမြို့နယ် တရားရုံးတွေမှာလည်း စစ်ဆေးနေတယ်လို့သိရပါတယ်။