အလုပ်သမားဝန်ကြီး ခန့်အပ်ပေးဖို့ ဆန္ဒပြတောင်းဆို


2018.12.09
mdy-protest-622.JPG အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့အတွက် မန္တလေးမြို့မှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: Thet Hnin Aung

အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့အတွက် မန္တလေးတိုင်းဒေသကြီး အလုပ်သမားဝန်ကြီး တစ်ဦး ခန့်အပ်ပေးဖို့ နဲ့ အလုပ်သမားအရေးကို အစိုးရတာဝန်ရှိသူတွေ အလေးထားဆောင်ရွက်ပေးဖို့ မန္တလေးတိုင်း အတွင်းမှာရှိတဲ့ အလုပ်သမား ၇၀၀ ကျော်က ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဆန္ဒပြအလုပ်သမားတွေက အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို အလုပ်ထုတ်ပယ်တာတွေ ရပ်တန့်ပေးဖို့၊ စက်ရုံအလုပ်ရုံတွေကို ဥပဒေနဲ့အညီ စစ်ဆေးပေးဖို့၊ မန္တလေးတိုင်းအတွင်း အလုပ်သမားဝန်ကြီး ခန့်ပေးဖို့နဲ့ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးဖို့တို့ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ပုဂံမြို့ဟောင်းမှာရှိတဲ့ သရပါဟိုတယ်က အလုပ်ထုတ်ခံရတဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၂ ဦး အပါအဝင် ၁၂ ဦးကို ပြန်လည်ခန့်ထားပေးဖို့အတွက် သပိတ်စခန်းဖွင့်တောင်းဆိုနေတဲ့ အလုပ်သမားသပိတ်ကို ဒီနေ့ ဖျက်သိမ်းပေးဖို့ ညောင်ဦးခရိုင် စီမံခန့်ခွဲမှုကော်မတီက အလုပ်သမားခေါင်းဆောင်တွေကို မနေ့က ခေါ်ယူပြောဆိုခဲ့ တယ်လို့ သိရပါတယ်။

သရပါအလုပ်သမားတွေဘက်ကတော့ သူတို့တောင်းဆိုချက်တွေကို ဖြေရှင်းပေးဖို့ တောင်းဆိုနေဆဲဖြစ်တယ်လို့ သပိတ်စခန်းခေါင်းဆောင် ကိုနေမျိုးဝင်းက ပြောပါတယ်။

ဒီနေ့ မန္တလေးမြို့က ဆန္ဒပြပွဲမှာ သရပါဟိုတယ်အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ ပါဝင်ခဲ့တဲ့အပြင် Grand Royal စက်ရုံ၊ Ve Ve အချိုရည်စက်ရုံ၊ Asia အချိုရည်၊ တိမ်ကမ္ဘာ ချည်မျှင်စက်ရုံ၊ ကြံ့နှစ်ကောင် ဘိလပ်မြေ စက်ရုံတို့က အလုပ်သမား ၇၀၀ကျော် ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။