သရပါအလုပ်သမားအရေး တိုင်းအစိုးရနဲ့ ဆွေးနွေးပွဲ ပျက်ပျယ်
2018.12.14

သရပါဟိုတယ်က အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအရေး ညှိနှိုင်းဆွေးနွေးဖို့ မန္တလေးတိုင်း အစိုးရက ဖိတ်ခေါ်တာကြောင့် အလုပ်သမားတွေက ဒီနေ့သွားရောက်ဆွေးနွေးရာမှာ တရားစွဲခံရသူတွေမပါဝင်ရဘူးလို့ သတ်မှတ်တာကို အလုပ်သမားတွေက လက်မခံတဲ့အတွက် ဆွေးနွေးပွဲပျက်သွားခဲ့ပါတယ်။
သရပါဟိုတယ်က ဝန်ထမ်းတွေ အလုပ်ထုတ်ခံရတာကို အစိုးရက ဝင်ရောက်မဖြေရှင်းပေးဘဲ သပိတ်စခန်းကို ဖြိုခွဲခဲ့တာကြောင့် အလုပ်သမားတွေဟာ ပုဂံကနေ နေပြည်တော်ကို မနေ့က လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ပါတယ်။ ဒါကို အစိုးရဘက်က ပုဂံမြို့အထွက်နားမှာတင် ဆန္ဒပြအလုပ်သမားတွေကို အင်အားသုံးဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် ဆန္ဒပြသူတွေကို ဝန်ရံကူညီခဲ့တဲ့ ကျောင်းသားတွေနဲ့ အလုပ်သမား ၁၃ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်တရားစွဲခဲ့ပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို အစိုးရက ကူညီဆောင်ရွက်မပေးတဲ့အပြင် ဖမ်းဆီးတရားစွဲသလို ခွဲခြားဆက်လက်တာတွေကို နားမလည်နိုင်ကြောင်း သရပါအလုပ်သမားအဖွဲ့ခေါင်းဆောင် ကိုနေမျိုးဝင်းက ပြောပါတယ်။
"ညောင်ဦးခရိုင် စီမံခန့်ခွဲရေး အဖွဲ့ကနေပြီးတော့ သရပါလုပ်ငန်းရှင်နဲ့ ဘယ်လိုအပေးအယူလုပ်ထားလဲတော့ မသိဘူး။ ဒီလိုပဲ ထင်မြင်ယူဆတာပေါ့။ ဒါကြောင့်မို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆွေးနွေးဖို့ခေါ်တာကို အောက်ကအဆင့်တွေကနေ တရားစွဲဆိုခံထားရတဲ့သူတွေနဲ့ မဆွေးနွေးပါဘူးဆိုတာ ဝန်ကြီးချုပ်ကိုယ်တိုင်က ပြောတာလား။ ဒါမှမဟုတ် အလုပ်သမားဦးစီးဌာနတွေက ပြောတာလား ဆိုတာတော့ ဝေခွဲလို့မရဘူး"
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက အလုပ်ပြန်လည်ခန့်ထားပေးဖို့အတွက် ဆန္ဒပြတာ၊ သပိတ်စခန်းဖွင့်တာ အပါအဝင် တက်နိုင်တဲ့နည်းလမ်းတွေနဲ့ တောင်းဆိုခဲ့ပေမယ့် အဆင်မပြေတာကြောင့် နေပြည်တော်အထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့တာဖြစ်တယ်လို့ အလုပ်သမားတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆန္ဒပြသူတွေကို တရားမစွဲဖို့ ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ကြောင်း အလုပ်ထုတ်ခံအလုပ်သမား မယမင်းထွန်းက ပြောပါတယ်။
"ကျမ မိသားစုဆိုရင် ကျမကို မှီခိုနေရပါတယ်။ အလုပ်ပြုတ်သွားတော့ လုံးဝအဆင်မပြေပါဘူး။ အလုပ်ဖြုတ်ခံရတဲ့ ၁၂ ယောက်လုံး ဒီလိုလူတွေကြီးပဲ ရွေးဖြုတ်တာ။ အစိုရက အလုပ်လုပ်မှု အားနည်းတယ်လို့ထင်တယ်။ သပိတ်မမှောက်ချင်ပဲ မှောက်ရတာပါ။ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပါတယ်။ ညှိနှိုင်းလို့ အဆင်မပြေပါဘူး။ သပိတ်မှောက်တော့ နောက်တစ်နေ့ သပိတ်စစ်ကြောင်းသွားတော့ ဖြိုခွင်းခံရတယ်။ သံချပ်ကာတွေနဲ့ရော နှိမ်နှင်းတယ်။ ကောင်လေးတွေဆို တုတ်တွေနဲ့ ရိုက်ခံရတယ်။ လက်သီးတွေနဲ့ ထိုးခံရတယ်။ ပြန်လည်ခုခံခွင့် မရှိပါဘူး"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ အလုပ်ထုတ်ခံရတာ ၁၀၀ ကျော်ရှိနေပြီး လက်ရှိမှာ အလုပ်သမားတွေ ကြုံတွေနေရတာတွေနဲ့ပတ်သတ်လို့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က အခုလို ပြောပါတယ်။
"အလုပ်သမား အငြင်းပွားမှု့ကို ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကလည်း ကျင့်သုံးခဲ့တယ်။ အဆင်ပြေတယ်။ မြို့နယ် ညှိနှိုင်းဖျန်းဖြေရေးမှာ ညှိနှိုင်းတယ်။ အဆင်မပြေရင် ခုံသမာဓိကိုတတ်တယ်။ မရရင် ကောင်စီကိုတတ်တယ်။ အရမ်းရိုးရှင်းတယ်။ ဒါပေမဲ့ NLD အစိုးရလက်ထက်လည်းရောက်ရော ဒါကဥပဒေနဲ့ မညီဘူးလို့ ပြောတယ်။ မညီရင် ပြင်ပေးဖို့လိုတယ်။ အလုပ်သမားတွေ အလုပ်ပြုတ်လို့ တရားစွဲရင် ဘယ်လိုလုပ်အလုပ်ရှင်နဲ့ ဘက်ပြိုင်တရားစွဲလို့ရမှာလဲ။ မန္တလေးတိုင်းဒေသကြီး ၂၀၁၈ ခုနှစ်အတွင်းမှာ ခုံသမာဓိကို တတ်နိုင်တဲ့အမှု တစ်မှုမှမရှိပါဘူး"
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ အလုပ်သမားဝန်ကြီးမ ရှိတာကြောင့် အလုပ်သမားဝန်ကြီး ခန့်ထားပေးဖို့အတွက် သရပါ အလုပ်သမားတွေအပါအဝင် မန္တလေးတိုင်းအတွင်းက အလုပ်သမားအဖွဲ့ပေါင်း ၇၀၀ ခန့်က မန္တလေးမြို့မှာ ဒီဇင်ဘာလ ၉ ရက်နေ့က ဆန္ဒပြတောင်းဆိုတာတွေရှိခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။