လွှတ်တော် သတင်း ပိတ်ပင်ထား
2011.01.30

ပြည်တွင်းမီဒီယာတွေကို လွှတ်တော်မှာ တက်ရောက် သတင်းယူခွင့် မပြုနိုင်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ဒီကနေ့ ထုတ်ဖော်ပြောဆိုတယ်လို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူးနဲ့ CPC ပုဂ္ဂလိက စာနယ်ဇင်း ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကို (စက်မှုတက္ကသိုလ်) က ပြောပါတယ်။
“လွှတ်တော် အစည်းအဝေးရှိတယ် ဆိုကတည်းက ပြန်ကြားရေးဝန်ကြီးဌာနက တဆင့် သက်ဆိုင်ရာတွေကို အခြေအနေတွေ တောက်လျှောက် မေးမြန်းခဲ့ပါတယ်။ ဒီမနက် ပြန်ကြားရေး ဝန်ကြီးဌာနကနေ ရရှိတဲ့ မက်ဆေ့ချ် တခုကတော့ မနက်ဖြန် ဖွင့်ပွဲအတွက် ‘မီဒီယာတွေကို ဖိတ်ကြားရန် အစီအစဉ် မရှိပါဘူး’ ဆိုတဲ့ မက်ဆေ့ချ် ရရှိပါတယ်။ အဲဒီအတွက် ရရှိတဲ့ မက်ဆေ့ချ်တွေကို CPC အဖွဲ့ဝင်တွေကနေ တဆင့် နီးစပ်ရာ ဖုန်းဆက်သွယ်ပြီး ကျနော်တို့ ပြောကြားထားတာ ရှိပါတယ်”
ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြား သတင်းထောက်တွေကို လွှတ်တော်သတင်း တရားဝင် ရယူခွင့် ပြုမပြုဆိုတာ ပြန်ကြားရေးဝန်ကြီးဌာနက အကြောင်းမပြန်တဲ့အတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ် သတင်းရယူဖို့ နိုင်ငံခြား သတင်းထောက် ၁၈ ဦး အခု နေပြည်တော်မှာ ရောက်ရှိနေပြီလို့ သိရပါတယ်။ စစ်အစိုးရဟာ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ သတင်းထောက်တွေနဲ့ နိုင်ငံခြား သံတမန်တွေကို ဖိတ်ကြား ပြသခဲ့ပေမယ့် အခုတကြိမ်မှာတော့ နိုင်ငံခြား သံတမန်တွေကိုပါ ဖိတ်ကြားမှု မရှိဘူးလို့ သိရပါတယ်။
အခုလို သတင်းမီဒီယာတွေ လွှတ်တော်သတင်း ရယူခွင့် မပြုတာဟာ စစ်အစိုးရက ဒီမိုကရေစီကို ဖော်ဆောင်နေတယ် ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က ပြစ်တင် ဝေဖန်လိုက်ပါတယ်။
“ကျနော်တို့ မြန်မာသတင်းသမဂ္ဂ အနေနဲ့ ဒီ လွှတ်တော်ဖွင့်ပွဲဟာ စစ်အစိုးရရဲ့ နိုင်ငံရေး အခင်းအကျင်းအသစ်မှာ အင်မတန် အရေးကြီးတဲ့ ကဏ္ဍတခုအဖြစ် မြင်ပါတယ်။ နောက် ဒီလွှတ်တော်ဟာ တကယ်တမ်းပြောရင် စစ်အစိုးရပြောတဲ့ ဒီမိုကရေစီရဲ့ သင်္ကေတ တခုလည်း ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီသင်္ကေတဖြစ်တဲ့ လွှတ်တော်ဖွင့်ပွဲကိုမှ စစ်အစိုးရအနေနဲ့ သတင်းသမားတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့် မပြုဘူးဆိုရင် စစ်အစိုးရရဲ့ လက်ရှိ အခင်းအကျင်းဖြစ်တဲ့ ဒီမိုကရေစီကို လူထုက ယုံကြည်နိုင်မှာ မဟုတ်သလို နိုင်ငံတကာကလည်း လက်ခံနိုင်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်”
လွှတ်တော်အစည်းအဝေး သတင်းရယူခွင့် မပြုတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူးနဲ့ CPC ပုဂ္ဂလိက စာနယ်ဇင်း ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကို (စက်မှုတက္ကသိုလ်) ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |