ထွန်တုံးတိုက်ပွဲဝင်တွေ ဒဏ်ငွေချမှတ်ခံရ
2016.07.08

မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ရွာ ၉ ရွာမှာရှိတဲ့ မြေဧက တစ်ထောင်ကျော်ကို ပြန်လည်ရရှိဖို့ ထွန် တုံးတိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ တောင်သူ ၇၂ ဦးတို့ တရားစွဲခံထားရတာကို ဒီကနေ့ မတ္တရာမြို့နယ်တရား ရုံးက ငွေဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။
ပုဒ်မ ၃ ခုအရ စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် သူတို့တွေကို ငွေဒဏ်တွေအသီးသီး ပေးဆောင်စေဖို့ အမိန့်ချမှတ်ခဲ့တာလို့ မတ္တရာမြို့နယ်တရားရုံးက မြို့နယ်တရားသူကြီး ဒေါ်ဝင်းဝင်းထိန် က ပြောပါ တယ်။
"လယ်မြေတွေထဲကို စိတ်ငြိုငြင်စေတဲ့အကြံနဲ့ ဝင်ရောက်တယ်ပေါ့နော်၊ ပုဒ်မ ၄၄၇ အရ ဒဏ်ငွေ ၅ဝဝ စီ တာဝန်ရှိတဲ့ သမအဖွဲ့က ဝန်ထမ်းတွေက သူတို့ဒီလိုကျူးကျော်ဝင်ရောက်တာတွေကို မဝင်ဖို့ဟန့်တားတဲ့ အခါမှာ သူတို့ကပြန်ပြီးတော့ နည်းနည်းကလန်ကဆန်လုပ်တဲ့ သဘောမျိုးလေးတွေလုပ်တယ်၊ တာဝန်ဝတ္တရားထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို အနှောက်အယှက်ပေးတဲ့ဆိုတဲ့ ပုဒ်မ ၁၈၆ အရာလည်း ပေါ်ပေါက်လို့မို့လို့ ဒဏ်ငွေ ၅ဝဝ စီပေါ့နော်၊ နောက်တစ်ခါ ရေနံ့သာသမရယ် ရိုးရိုးသမရယ် စိုက်ပျိုးထားတဲ့ ကုလားပဲတို့ဘာတို့ပေါ့နော်၊ စိုက်ခင်းလေးတွေလည်း သူတို့ဝင်ရောက်တဲ့အခါမှာ ပျက်စီးဆုံးရှုံးမှုရှိတယ်၊ သူတို့ဖျက်ဆီးမှု ပုဒ်မအရလည်း ပေါ်ပေါက်တဲ့အတွက်ကို ပုဒ်မ ၄၄၇ အရ ဒဏ်ငွေ ၃ ထောင်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်"
အဲဒီတောင်သူတွေကို ရေနံ့သာစိုက်ပျိုးကုန်ထုတ်သမဝါယမအသင်းလီမီတက် နဲ့ မတ္တရာမြို့နယ် လယ် ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဦးစီးဌာနက ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ပုဒ်မ ၄၄၇၊ ၄၂၇၊ ၁၈၆ တို့အရ တရားစွဲဆိုထားတာဖြစ်ပါတယ်။
မတ္တရာမြို့နယ်ထဲက ရေနံ့သာရွာ၊ ကျောက်စရစ်၊ မြွေရွှေခဲ၊ မြွေကြည်ကုန်း၊ တမာကုန်း၊ သပြေသာ၊ အင်းစောင်း ၊ တောတန်း နဲ့ လင့်စင်ကုန်း စတဲ့ကျေးရွာတွေက တောင်သူတွေပိုင်ဆိုင်တဲ့ မြေဧက ၁၀၀၀ ကျော်ကို ၁၉၈၆ ခုနှစ်ကတည်းက ဘက်စုံစိုက်ပျိုးရေးခြံစီမံကိန်းအတွက် သိမ်းဆည်းခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီအတွက် မူလပိုင်ရှင်တောင်သူတွေက ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး ထွန်တုံးတိုက်ပွဲဆင်နွှဲကာ သူတို့တွေရဲ့ ဘိုးဘွားပိုင်လယ်ယာမြေတွေအပေါ် ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။
အမှုရှုံးနိမ့်ခဲ့ပေမယ့် သူတို့လယ်မြေတွေကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ် လို့ တောင်သူတွေက ပြောပါတယ်။
မတ္တရာမြို့နယ် ရေနံ့သာကျေးရွာက သိမ်းဆည်းခံ မြေဧက ၂၀၀ ကျော်ကိုတော့ ကျန်းမာရေးဝန်ကြီး ဌာနက စီမံကိန်းပိုလျှံမြေအဖြစ်နဲ့ မနက်ဖြန် ဇူလိုင်လ ၉ ရက်နေ့မှာ မူလတောင်သူတွေကို ပြန်လည် ပေးအပ်သွားမယ်လို့ သိရပါတယ်။