မတ္တရာတောင်သူတွေ ဧက ၂ဝဝ ပြန်ရပြီ
2016.07.09

မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့သာကျေးရွာမှာ ကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်ခဲ့တဲ့ လယ်ယာမြေဧက တစ်ထောင်ကျော်ထဲက ဧက ၂၀၀ ကျော်ကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က တောင်သူတွေထံ ဒီနေ့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အထွက်နှုန်းတိုးတက်အောင် ကြိုးစားစိုက်ပျိုးပြီး နိုင်ငံတော်ဖံ့ွဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်အောင် ပူးပေါင်းပါဝင်ကြဖို့ လယ်ယာမြေပြန်လည် ရရှိတဲ့ တောင်သူတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။
"နိုင်ငံတော်အစိုးရစေတနာကို သိရှိပြီး မိမိတို့မိသားစု လူမှု၊ စီးပွားရေး အထွေထွေတိုးတက်အောင် ရိုးသားကြိုးစားပြီး လက်မှုလယ်ယာစနစ်ကနေ စက်မှု လယ်ယာစနစ်ကို ကူးပြောင်းပြီး အရည်အသွေးအဆင့်အတန်းမြင့်မားပြီး အထွက်နှုန်းတိုးတက်မြင့်မားအောင် ဆောင်ရွက်ကြဖို့ လိုသလို နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့ကျရာအခန်းကဏ္ဍကနေ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်"
လယ်ယာမြေပြန်လည်ပေးအပ်ပွဲကို မတ္တရာမြို့နယ် ဘုရင့်နောင်ခန်းမမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
၁၉၇၈ ခုနှစ်က အမှတ် ၁ စက်မှုဝန်ကြီးဌာနက ရေနံ့သာကျေးရွာက လယ်ယာမြေဧက ၂ ထောင်ခန့်ကို သိမ်းယူခဲ့ပြီး ၁၉၉ဝ ခုနှစ်မှာ အနာကြီးရောဂါဆေးရုံ ဆောက်လုပ်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနထံ လွဲှပြောင်းပေးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလယ်ယာမြေတွေထဲက ဧက ၆ဝဝ ကျော်မှာ အနာကြီးရောဂါဆေးရုံ ဆောက်လုပ်ပြီး ပိုလျှံနေတဲ့ မြေဧက ၁၃ဝဝ ကျော်ထဲက ဧက ၂ဝဝ ကို မူလပိုင်ရှင်တွေဖြစ်တဲ့ ရေနံ့သာကျေးရွာက တောင်သူ ၃၂ ဦးကို ယာယီ လုပ်ကိုင်ခွင့်လက်မှတ်လို့ခေါ်တဲ့ ပုံစံ ၃ တွေ ပြန်လည်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက မန္တလေးတိုင်းအစိုးရထံ ပိုလျှံနေတဲ့ မြေဧက ၁၃ဝဝ ကျော်ကို ပြန်လည်ပေးအပ်ထားပြီး မန္တလေးတိုင်းအစိုးရအဖွဲ့က ကျန်တဲ့စွန့်လွှတ်မြေဧက တစ်ထောင်ခန့်ကို စိစစ်ပြီး ဆက်ပေးသွားမယ်လို့လည်း ဒုတိယသမ္မတ က ပြောခဲ့ပါတယ်။
လယ်ယာမြေပြန်လည်ရရှိတဲ့ တောင်သူတွေက အစိုးရရဲ့ ဆောင်ရွက်ပေးမှုကို ကျေးဇူးတင်ကြောင်းနဲ့ ရေနံ့ သာကျေးရွာတစ်ဝိုက်မှာရှိတဲ့ ကျေးရွာပေါင်း ၁ဝ ရွာကျော်က သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက ၂ ထောင်ကျော်ကို မူလတောင်သူတွေထံ ပြန်လည်ပေးအပ်နိုင်ဖို့ ဆောင်ရွက်ပေးဖို့လည်း ပြောကြပါတယ်။