စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှုအသစ်တွေချမှတ်ဖို့ RSF တိုက်တွန်း

မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်မံချမှတ်ဖို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များ အဖွဲ့ (RSF) က မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို တိုက်တွန်းလိုက်ပါတယ်။
Myanmar Pressphoto Agency က ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို မေလ ၂၆ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်လိုက်တာကြောင့် စစ်ကောင်စီကို အရေးယူဖို့ RSF က ကုလအထူးကိုယ်စားလှယ်ကို တိုက်တွန်းလိုက်တာပါ။
“မမှူးရတနာခက်မို့မို့ထွန်းကို ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက်တာဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီက သတင်းထောက်တွေကို ဖိနှိပ်ချုပ်ချယ်နေတဲ့ အာဏာရှင်သရုပ်သဏ္ဌာန် ပြသနေတာဖြစ်တယ်။ စစ်အာဏာရှင်တွေကို ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေ နိုင်ငံတကာက ချမှတ်နိုင်အောင် ကြိုးစားဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး (Tom Andrews) ကို တောင်းဆိုပါတယ်။” လို့ RSF ရဲ့ အာရှ-ပစိဖိတ်ရေးရာ အကြီးအကဲ ဒန်နီရယ်လ် ဘက်စတပ်ဒ် (Daniel Bastard) က မေလ ၃၀ ရက်နေ့ ပြောထားပါတယ်။
RSF ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာသတင်းသမား အယောက် ၇ဝ ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံထားရတဲ့ သတင်းထောက်အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က မေလ ၃၀ ရက်နေ့က တိုက်တွန်းထားပါတယ်။