မစိုးရိမ်သံဃာတွေကို တပ်မတော်မိသားစု လှူဒါန်း
2016.11.30

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုတွေက မန္တလေး မြို့၊ မစိုးရိမ်တိုက်သစ်ရှိ ဆရာတော်နဲ့ သံဃာတော်တွေကို လှူဖွယ်ပစ္စည်းနဲ့ အလှူငွေကျပ် သိန်း ၁ဝဝ မနေ့က ပေးအပ် လှူဒါန်းခဲ့ပါတယ်။
နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တပဒုမာဘိဝံသနဲ့ မစိုးရိမ်တိုက်သစ်မဟာနာယက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တကေသရာဘိဝံသ အမှူးပြုတဲ့ သံဃာတော်တွေ တက်ရောက် ချီးမြှင့်တော်မူခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီအခမ်းအနားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်တို့ ဦးဆောင်တက်ရောက်ခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
လက်ရှိ စာသင်သားသံဃာ ၃ဝဝဝ နီးပါးခန့်ရှိတဲ့ မစိုးရိမ်စာသင်တိုက်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထင်ရှားပြီး ခေတ်အဆက်ဆက် ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ မစိုးရိမ်တိုက် ဆရာတော် သံဃာတော်တွေ ဟာ ပြည်သူလူထုဘက်က ပါဝင်ရပ်တည်ခဲ့ပါတယ်။