မြန်မာမှာ ရွေးကောက်ပွဲကျင်းပမဲ့အစီအစဉ် စစ်ခေါင်းဆောင်နဲ့ ဟွန်ဆန်တို့ ဆွေးနွေး

RFA Burmese
2024.05.11
မြန်မာမှာ ရွေးကောက်ပွဲကျင်းပမဲ့အစီအစဉ် စစ်ခေါင်းဆောင်နဲ့ ဟွန်ဆန်တို့ ဆွေးနွေး ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလက ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်။
AFP

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမဲ့ အစီအစဉ်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

အခုသီတင်းပတ်အတွင်း ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ အွန်လိုင်းကနေ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ကြတာလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတဲ့အကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့ ကတိပေးထားပေမဲ့ ရွေးကောက်ပွဲကျင်းပမဲ့ အချိန်အတိအကျကို သတ်မှတ်ကြေညာထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ရာထူးကနေ အနားယူခဲ့တဲ့ ဟွန်ဆန်ဟာ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ တောင်းဆိုချက်ကို အလေးထားပြီး စဉ်းစားမယ်လို့ ပြောခဲ့တဲ့အကြောင်း ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှုရှိကြောင်း နိုင်ငံပိုင်သတင်းမီဒီယာတွေကို ပြောသွားပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့် တောင်းတဲ့အကြောင်းကိုတော့ ထည့်ပြောမသွားပါဘူး။

စစ်ကောင်စီဟာ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကျင်းပဖို့ ကတိပေးထားတဲ့အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လိုအပ်တဲ့အချက်တွေကို ပြင်ဆင်အကောင်အထည်ဖော်နေတဲ့အကြောင်းနဲ့ ဒီအစီအစဉ်ကို နှောင့်နှေးစေမဲ့လုပ်ရပ်အားလုံးကို ရှောင်ရှားနေတဲ့အကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။