လူ့အခွင့်အရေးကော်မရှင် နုတ် ထွက်သည်အထိ ဆန္ဒပြမည်


2016.09.23
mnhrc-innwa-protest-620.jpg အင်းဝအပ်ချုပ်ဆိုင်က အိမ်ကူ ကလေးနှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်တဲ့ကိစ္စမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ညှိနှိုင်းပေးခဲ့တာကို မကျေနပ်တဲ့အတွက် စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ ၆ မိုင်ခွဲမှာရှိတဲ့ ရုံးရှေ့မှာ ဆန္ဒပြစဉ်
Photo: Kyaw Zaw Win/RFA

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေ မနုတ်ထွက်မချင်း ကော်မရှင်ရုံးရှေ့မှာ နေ့စဉ် ဆန္ဒပြဖို့နဲ့ ကော်မရှင်အဖွဲ့ဝင်တွေ နုတ်ထွက်ရေးအတွက် လက်မှတ်ရေးထိုးတောင်းဆိုဖို့ အရပ်ဘက်အဖွဲ့အစည်း အချို့ စုပေါင်းပြီး ပြင်ဆင်နေပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေကို နေ့စဉ်ရှုတ်ချသွားမှာဖြစ်ပြီး နုတ်ထွက်ပေးဖို့ တောင်းဆိုသွားမယ်လို့ လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေးစင်တာက ကိုသက်ဆွေဝင်းက ပြောပါတယ်။

"လှည်းတန်းမှာ ကျနော်တို့စပြီးတော့ လက်မှတ်ကောက်မှာပေါ့၊ နုတ်ထွက်စေချင်ပါတယ်ဆိုတဲ့ ကမ်ပိန်းပေါ့၊ နောက်ပြီးတော့ နေ့စဉ် ဆန္ဒပြသွားဖို့လည်း စီစဉ်နေတာရှိပါတယ်။ လူ့အခွင့်အရေးကော် မရှင်ရှေ့မှာ နေ့စဉ်ကျနော်တို့သွားပြီး ဆန္ဒထုတ်ဖော်မှာပေါ့၊ အဲ့ဒါကတော့ တစ်ရက်ကို နာရီ ဝက်လောက်လုပ်ဖို့ စီစဉ်နေတာရှိပါတယ်၊ သူတို့နုတ်ထွက်တဲ့အထိ နေ့တိုင်းကျတော်တို့ ရှုတ်ချ တာပေါ့၊ တောင်းဆိုမှုတွေလုပ်သွားမှာပေါ့"

ကော်မရှင် အဖွဲ့ဝင်တွေ နုတ်ထွက်ရေးအတွက် လက်မှတ်ကောက်ခံပွဲကို မနက်ဖြန် စက်တင်ဘာ ၂၄ ရက်နေ့ ကနေ၂၈ ရက်နေ့အထိ အဖွဲ့အစည်းအလိုက်ကောက်ယူသွားမှာဖြစ်ပြီး ရရှိလာတဲ့ လက်မှတ်တွေကို နိုင်ငံတော် သမ္မတ ရုံးကို တင်ပြသွားမှာ ဖြစ်ပါတယ်။

အခု လှုပ်ရှားမှုကို ရန်ကုန်လူငယ်ကွန်ရက်၊ လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေးစင်တာ၊ ညီမျှခြင်းမြန်မာ၊ Triangle Women Support စတဲ့အဖွဲ့တွေပါဝင်ကြမှာဖြစ်ပါတယ်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်က အင်း၀ အပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုက အိမ်ဖော် မိန်းကလေး နှစ်ယောက်ကို လစာမပေးဘဲ ညှဉ်းပန်းနှိပ်စက်ခဲ့ကြတဲ့ လုပ်ရပ်ကို လျော်ကြေးငွေနဲ့ ကျေအေးဖို့အတွက် လူ့အခွင့်အရေးကော်မ ရှင်က ညှိနှိုင်းပေးခဲ့တာကြောင့် ကော်မရှင်ကို နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင်အချို့ကို ပြင်ပြင်းထန်ထန် အရေးယူပေးဖို့ အရေးတကြီး အဆိုကိုလည်း ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖု့ိ သဘောတူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။