မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၄၅ဝ ကျော်အထိရှိလာ
2023.05.18

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် မြန်မာနိုင်ငံမှာ ပြည်နယ်နဲ့တိုင်း ခုနစ်ခုမှာ သေဆုံးသူ ၄၅၅ ဦးထိ ရှိသွားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တိုင်းနဲ့ပြည်နယ် လေးခုမှာ စိုက်ပျိုးမြေဧက ၄၂၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မုန်တိုင်းကြောင့်သေဆုံးသူတွေမှာ ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပြီး ၄၃၁ ဦး သေဆုံးခဲ့ကာ အသေးစိတ်စာရင်းတွေကို အတည်ပြုဆဲလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မကွေးတိုင်းမှာ ၁၅ ဦး၊ စစ်ကိုင်းတိုင်းမှာ ၄ ဦး၊ ရှမ်းပြည်နယ်မှာ ၂ ဦး၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ၁ ဦးစီသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မုန်တိုင်းကြောင့် စိုက်ပျိုးမြေ ပျက်စီးဆုံးရှုံးမှုတွေမှာ စစ်ကိုင်းတိုင်းက ၁၃ မြို့နယ်မှာ ဧက ၄၂၃၀၀ ၊ မကွေးတိုင်း ၁၁ မြို့နယ်မှာ ၂၁၇ ဧက ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆောက်အအုံပျက်စီးမှုတွေကတော့ ချင်းပြည်နယ်က ရှစ်မြို့နယ်မှာ ၁၄၀၀ ကျော်၊ မကွေးတိုင်းက ၁၁ မြို့နယ်မှာ ၉၁ လုံး၊ စစ်ကိုင်းတိုင်းမှာ ၄၉ လုံး ပျက်စီးခဲ့ပြီး ထိခိုက်မှုအများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်မှာတော့ စာရင်းကောက်ယူနေဆဲလို့ NUG က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းတွေဟာ မေလ ၁၇ ရက်နေ့အထိ ရရှိတဲ့စာရင်းတွေသာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဋ္ဌာနက မုန်တိုင်းသင့် ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ ရန်ကုန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ဒုက္ခသည်တွေအတွက် မြန်မာငွေကျပ် ၆၄ သန်း ထောက်ပံ့ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ AA ကို ကျပ်သိန်းတစ်ထောင် လှူဒါန်းခဲ့တယ်လို့လည်း မေလ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ပြည်နယ်တိုင်း ၁၁ ခုမှာ မုန်တိုင်းကြောင့် သေဆုံးသူ ၅၄ ဦးနဲ့ အဆောက်အဦ နှစ်သိန်းနီးပါး ပျက်စီးခဲ့တယ်လို့ မေလ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။