မုန်တိုင်းကြောင့် အကူအညီလိုအပ်ချက်တွေ များလာနိုင်ကြောင်း IRC သတိပေး
2023.05.17

ရခိုင်ပြည်နယ်မှာ မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် အရင်ကတည်းက ရှိနေတဲ့ လူသားချင်း စာနာမှု အကူအညီလိုအပ်ချက်တွေ တိုးမြင့်လာလိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ ကူညီ ကယ်ဆယ်ရေးကော်မတီ IRC က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မေလ ၁၄ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ပြည်နယ် မြို့တော် စစ်တွေမြို့ တစ်မြို့လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ လမ်းနဲ့ လျှပ်စစ်မီးလိုင်းတွေ၊ ဆက်သွယ် ရေး မျှော်စင်တွေနဲ့ နေအိမ်တွေအပြင် စစ်ရေးပဋိပက္ခတွေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ခိုလှုံနေရတဲ့ စခန်းတွေပါ ပျက်စီးသွားခဲ့တဲ့အကြောင်း၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို သိရဖို့ ကြိုးစားနေဆဲ ဖြစ်တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။
ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေ ပိုမိုဆိုးဝါးစေပြီး၊ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တွေအတွက် အထူးပဲ စိုးရိမ်ပူပန်ကြောင်း International Rescue Committee IRC က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအရ မြေနိမ့်ပိုင်းဒေသမှာ နေထိုင်တဲ့ ပြည်သူတွေ၊ အထူးသဖြင့် စစ်ပြေးဒုက္ခသည်တွေဟာ မုန်တိုင်းဒဏ်ကြောင့် ရေကြီး၊ ရေနစ်မြုပ်မှုနဲ့ မြေပြိုမှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေ အများဆုံးကြုံရနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ အပါအဝင် စစ်ရေးပဋိပက္ခတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးပြီး ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြရသူ နှစ်သိန်းခွဲအထိ ရှိနေပြီး သူတို့ဟာ ရွှေ့ပြောင်းသွားလာခွင့်နဲ့ အခြားအခြေခံ အခွင့်အရေးတွေမရှိဘဲ နေထိုင်ကြရတဲ့အကြောင်း၊ ဆိုင်ကလုန်း မိုခါ တိုက်ခိုက်မှုကြောင့် အခြေအနေတွေ ပိုဆိုးသွားစေတဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အထူးသဖြင့် မုန်တိုင်းဒဏ်ခံရတဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်နဲ့ ပလက်ဝမြို့နယ် တွေမှာ စစ်ရေး တိုက်ခိုက်မှုတွေကြောင့် အခြေခံအဆောက်အဦနဲ့ အုပ်ချုပ်ရေးစနစ်တွေ ပျက်စီးနေတာကြောင့် ပိုပြီး အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
မုန်တိုင်းဒဏ်ကြောင့် အစကတည်းက ရှိနေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်မှု တိုးမြင့်လာပေမယ့် ရန်ပုံငွေ ရရှိမှု အခြေအနေက တိုးတက်မလာတဲ့အကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ဖြစ်လာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရန်ပုံငွေ လိုအပ်ချက် ရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရရှိသေးတဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။