ရွှေလုပ်ကွက်ဆိုင်းငံ့လို့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဆန္ဒပြ
2017.11.30

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိတောင်က အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရဲ့ ရွှေတူးဖော်ထုတ်လုပ်မှုကို အစိုးရက ဆိုင်းငံ့လိုက်တဲ့အတွက် ကုမ္ပဏီဥက္ကဌ ဦးစိုးထွန်းရှိန် အပါအဝင် ဝန်ထမ်း ၅၀၀ လောက်က ရမည်းသင်းမြို့ပေါ်မှာ ဒီကနေ့ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနဲ့ အကျိုးတူပုတ်ပြတ်စနစ်နဲ့ ဆောင်ရွက်နေတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှုအုပ်စု လိမိတက်ကို နိုဝင်ဘာလ ၈ ရက်ကစပြီး လုပ်ငန်းတွေ ဆိုင်းငံ့ထားဖို့ အစိုးရက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်ကနေ စတင်ဆောင်ရွက်နေတဲ့ အဲဒီလုပ်ငန်းကို စာချုပ်ထပ်မံပြင်ဆင် သက်တမ်းမတိုးသင့်တဲ့အကြောင်း၊ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေပါ စီမံခန့်ခွဲရေးနည်းလမ်းနဲ့ အရေးယူဆောင်ရွက်မယ့် အစီအမံတွေကို အချိန်မဆွဲဘဲ ဆောင်ရွက်ရန်ဆိုပြီး ညွှန်ကြားချက်မှာ ပါရှိပါတယ်။
ကုမ္ပဏီဘက်ကတော့ လုပ်ငန်းစာချုပ်ကို ပြင်ဆင်ဖို့လိုတယ်လို့ ပြောပါတယ်။
အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှုအုပ်စုလိမိတက်ဟာ ရှစ်နှစ်အတွင်း ရွှေ ၅ တန်ခွဲကို နိုင်ငံတော်ကိုပေးသွင်းရမှာဖြစ်ပေမယ့် ကီလို ၅၀၀ကျော်သာ ပေးသွင်းရသေးတာလည်း ဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ အထိပေးသွင်းရမယ့် ရွှေပမာဏကိုတော့ ပေးသွင်းပြီးဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဆန္ဒပြပွဲမှာပါဝင်သူတွေဟာ လုပ်ငန်းအားလုံး ဆိုင်းငံ့ထားမှု အမြန်ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေး၊ တရားမျှတတဲ့ စာချုပ်အဖြစ် ပြင်ဆင်ချုပ်ဆိုပေးနိုင်ရေး အပါအဝင် အချက် ၁၀ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။
အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှုအုပ်စု လိမိတက်ဟာ မိုးထိမိုးမိဒေသမှာ ဧက ခြောက်ထောင်ကျော် အကျယ်အဝန်းမှာ လုပ်ပိုင်ခွင့်ရရှိထားတာဖြစ်ပါတယ်။