မွန်ပြည်နယ်မှာ သက်ငယ်မုဒိမ်းမှု တိုးပွားနေတယ်လို့ အစီရင်ခံစာထွက်


2018.07.25
sexual-violence-children-622 မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ အမျိုးသမီးနဲ့ ကလေးအခွင့်အရေး အစီအစဉ်ဌာနက ထုတ်ပြန်သည့် အစီရင်ခံစာ နောက်ကျောဖုံးပုံ။
(Screenshot: HURFOM)

မွန်ပြည်နယ်မှာ ဖြစ်ပွားတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး “ပန်းကောင်းအညွန့်ကျိုး” - A Girl’s Life was Destroyed အမည်ရှိ အစီရင်ခံစာကို မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းရဲ့  ဌာနခွဲတခုဖြစ်တဲ့ “အမျိုးသမီးနဲ့ ကလေးအခွင့်အရေး အစီအစဉ်” က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

မနှစ်က မတ်လမှာ “အမှောင်ခန်းက အပ်ကျသံ” ဆိုတဲ့အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်ပိုင်း ထပ်ဖြစ်ပွားတဲ့ သက်ငယ်မုဒိမ်းမှုတွေကို စစ်တမ်းကောက် ဖော်ပြထားတာဖြစ်ပါတယ်။ အသက် ၃ နှစ်သမီးတောင်မချန် မတော်မတရား ပြုကျင့်ခံရတယ်လို့ အမျိုးသမီးနဲ့ ကလေးအခွင့်အရေး အစီအစဉ် ညှိနှိုင်းရေးမှူး မိထောချမ်းက ပြောပါတယ်။

“အငယ်ဆုံးက အသက်သုံးနှစ်ကစပြီး ၁၆ နှစ်အထိပေါ့၊ အကြမ်းဖက်ခံရတဲ့ ကလေးရဲ့အသက်က။ ၂ဝ၁၇ မှာ သက်ငယ်မုဒိန်းနဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာ ထုတ်ထားတာရှိတယ်ရှင့်။ အဲဒီအစီရင်ခံစာ ထုတ်ပြီးတော့မှ ၂ဝ၁၈ ဇူလိုင်အထိကို သက်ငယ်မုဒိန်းမှု ၁၄ မှု ထပ်တွေ့တယ်ပေါ့နော်။ ဒီ သက်ငယ်မုဒိန်းတွေ တိုးလာတယ်ဆိုတာကို ၂ဝ၁၇ အစီရင်ခံစာရဲ့ follow-up ထုတ်တာပါ”

နိုင်ငံအနှံ့ မုဒိမ်းမှုတွေ ဖြစ်ပွားနေပြီး၊ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် တနိုင်ငံလုံးမှာ ဒီနှစ် ဖေဖော်ဝါရီလအထိ သက်ငယ်မုဒိမ်းမှု ၃၃ ရာခိုင်နှုန်း များလာတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာဖြစ်ပွားတဲ့ မုဒိမ်းမှုတွေမှာ နစ်နာသူထက်ဝက်လောက်က ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်ကြားပေမယ့်၊ ကျေးရွာအဆင့် တရားစီရင်တဲ့အခါ ကျူးလွန်သူကို အပြစ်ပေးအရေးယူတာထက် ညှိနှိုင်းကျေအေးလို့ ဖြစ်ဖြစ်၊ လျော်ကြေးပေးလို့ ဖြစ်ဖြစ် အမှုက ပြတ်သွားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရဲစခန်းကို တိုင်ကြားပေမယ့် ထူးခြားမှုမရှိဘဲ ဖြစ်နေပြီး၊ တရားစီရင်ရေးစနစ်က အကျင့်ပျက် ခြစားနေတယ်လို့လည်း ဖော်ပြပါတယ်။

ဒါကြောင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အရေးယူသင့်ပြီး ကျူးလွန်သူကို အာမ,ခံ မပေးသင့်ဘူးလို့လည်း အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။