ရန်ကုန်မှာပိတ်မိနေတဲ့ မွန်ဒေသခံတချို့ကို ပြန်လည်ခေါ်ယူ
2020.11.29
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလ ရန်ကုန်မှာပိတ်မိနေတဲ့ မွန်ပြည်နယ်က လူ ၃၀ နီးပါးကို ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အရပ်ဘက်အဖွဲ့တစ်ခုက ပထမဆုံးအကြိမ် မနေ့က အခမဲ့ပြန်ခေါ်ခဲ့ပါတယ်။
အလားတူ တိုင်းနဲ့ ပြည်နယ်တချို့မှာလည်း ကပ်ရောဂါကာလ ရန်ကုန်မှာ ပိတ်မိနေတဲ့သူတွေကို နေရပ် ပြန်လည်ခေါ်ဆောင်တာတွေရှိပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းလို့ပြောနေတဲ့ ပြည်တွင်းကူးစက်မှုတွေ မြင့်တက်လာပြီး နောက်ပိုင်း ရန်ကုန်တိုင်းအတွင်း ရှိနေသူတွေကို တခြား တိုင်းနဲ့ ပြည်နယ်တွေကို မသွားဖို့ ကန့်သတ် လိုက်သလို ခရီးသည်တင်ယာဉ်တွေနဲ့ လေကြောင်းခရီးတွေ ပြေးဆွဲတာတွေ ရပ်နားခဲ့ကြပါတယ်။
တိုင်းနဲ့ ပြည်နယ်အသီးသီးက ကျန်းမာရေး၊ လူမှုရေး ကိစ္စတွေနဲ့ ရန်ကုန်ကို ရောက်ရှိနေသူတွေဟာ သွားလာခွင့် ကန့်သတ်ချက်ကြောင့် နေရပ်ပြန်လို့မရဘဲ ပိတ်မိနေကြတာပါ။
အဲဒီလူတွေဟာ ရန်ကုန်မှာ နေထိုင်ဖို့အခက်အခဲဖြစ်ပြီး တချို့ ငွေကြေးတတ်နိုင်သူတွေကတော့ ကားစင်းလုံးငှား ပြန်တာတွေ ရှိပါတယ်။
ရန်ကုန်မှာ အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေသူတွေထဲက မွန်ပြည်နယ်က ၂၉ ယောက်ကို ပထမဆုံး အကြိမ် ဇော်မိသားစု ခရီးသွားလုပ်ငန်းနဲ့ ရွှေနဒီယာဉ်လိုင်း ပူးပေါင်းပြီး ပြန်လည်ခေါ်ခဲ့တာပါ။
ရန်ကုန်မှာ ပိတ်မိနေတဲ့ မွန်ပြည်နယ်က ဒေသခံတွေ ထောင်ဂဏန်းနီးပါးရှိနိုင်ပြီး နိုင်သလောက် ပြန်ခေါ် ပေးနေတာလို့ ဇော်မိသားစု ခရီးသွားလုပ်ငန်းက ကိုဇော်က ပြောပါတယ်။
"လက်ရှိတော့ တစ်စီးပြည့်သွားပြီ။ ကျန်တဲ့ဟာတွေကတော့ ကားအဆင်မပြေသေးတာကြောင့် လက်ခံလို့ အဆင်မပြေသေးဘူး၊ ဖုန်းနဲ့ ဆက်သွယ်လာတဲ့သူတွေအများကြီးပဲ၊ တော်တော်များတယ်၊ ထောင်နဲ့ချီ ရှိမယ်၊ ကျနော်လည်း လုပ်ပေးချင်ပါတယ်၊ အခမဲ့ဆိုတော့လေ ကူညီပေးနိုင်တဲ့ယာဉ်လိုင်းတွေနဲ့ ချိတ်ဆက်အကူညီပေးနေတာပါ။"
ကုန်ကျငွေတွေရှိတာကြောင့် အနည်းငယ်သာ ပြန်ခေါ်နိုင်ပြီး နောက်ထပ် ခေါ်ယူသွားဦးမယ်လို့ ကိုဇော်က ပြောပါတယ်။
မွန်ပြည်နယ်ကို နေရပ်ပြန်လိုသူတွေထဲက ၁၀ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ထားသူတွေကို ဦးစားပေးခေါ်နေတာ ဖြစ်ပြီး သူတို့ကို မော်လမြိုင်က ကန့်သတ်စောင့်ကြည့်ရေးစခန်းတွေမှာ အသွားအလာ ကန့်သတ်ထားပြီး ပိုးရှိ၊ မရှိ စစ်ဆေးပြီး ရက်ပြည့်မှ နေအိမ်တွေပြန်လို့ရမယ်လို့ ကိုဇော်က ပြောပါတယ်။
ရန်ကုန်မှာ ပိတ်မိနေသူတွေကို ပြန်လည်ခေါ်ယူဖို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေထံမှာ ခွင့်ပြုမိန့် ရယူ ဆောင်ရွက်တာဖြစ်ပြီး ပြည်နယ်အစိုးရက ဦးဆောင်တာတော့မဟုတ်ဘူးလို့ သိရပါတယ်။
မွန်ပြည်နယ်ကနေ ရန်ကုန်မှာ ဆေးကုနေတဲ့သူတွေအပါအဝင် အလုပ်မရှိတာကြောင့် နေရပ်ပြန်လိုသူတွေ၊ အကြောင်းကြောင်းကြောင့် ရန်ကုန်ရောက်နေပြီး ပြန်လို့မရတဲ့သူတွေဟာ မွန်ပြည်နယ်ကို ကိုယ်အစီစဉ်နဲ့ ပြန်မယ်ဆိုရင် ကားသီးသန့်ငှားရတာကြောင့် ကုန်ကျစရိတ်ဟာ တစ်သိန်းခွဲ၊ နှစ်သိန်းရှိတယ်လို့ နေရပ်ပြန်ခဲ့ဖူးသူတွေက ပြောပါတယ်။
အစိုးရကသာ အခုလိုပြန်ခေါ်မယ်ဆိုရင် ကုန်ကျစရိတ်သက်သာပြီး သာမန်သူတွေ နေရပ်ပြန်ရေး ပိုပြီး အဆင်ပြေစေတယ်လို့ ရန်ကုန်ကနေ မွန်ကိုဆွေမျိုးတွေ ပြန်ပို့ခဲ့ဖူးသူ မအေးဇင်က ပြောပါတယ်။
"ဒီလိုစုသွားတဲ့အတွက် တစ်သိန်းခွဲကုန်ရမယ့်နေရာမှာ အစိုးရက ကုန်ကျစရိတ်ကို ကျခံဆိုလည်း ပေးလို့ ရတယ်၊ ခရီးသည်က နှစ်သောင်း၊ သုံးသောင်းလောက်က သူ့အတွက် ဘာမှမဖြစ်ဘူး၊ ဒီလိုတစ်ယောက်ချင်း အမတို့ပြန်သလို ပြန်ရင် တစ်ခါပြန်တိုင်း တစ်သိန်းခွဲဆိုတာက အသွားအလာကန့်သတ်ရာမှာ ကုန်ကျ မှာနဲ့ဆို နှစ်သိန်း အမတို့ဆို နှစ်ခေါက်လောက်ဆိုရင် ငါးသိန်းနီးပါးကုန်တယ်၊ အဲဒါက သာမန် ပိတ်မိနေသူတွေအတွက် ဘယ်လို့မှ အဆင်မပြေဘူး။"
မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ဝတ်မှုံက တရားဝင်ပြန်ခေါ်တာဟာ ကောင်းတဲ့အခြေအနေဖြစ်ပြီး လုပ်သင့်တာကြာပြီလို့ ပြောပါတယ်။
"ဒီလိုခိုးဝင်ပြီးမှ လိုက်ခေါ်ရတယ်၊ လူတွေအိမ်ရောက်မှ ဒုက္ခရောက်နေတဲ့သူတွေလည်းရှိတော့ ပြန်ခေါ်ပေးဖို့ စီစဉ်တဲ့အတွက်ကြောင့် ဒီလို တရားဝင်လာကြ၊ ထိုင်းပြန်တွေလို တရားဝင်ခေါ်မယ်၊ ခေါ်ပြီး အသွားအလာကန့်သတ်ရေးစခန်း ဝင်မယ်၊ ပိုးစစ်မယ် မတွေ့မှ ကိုယ်အိမ်ကိုပြန်မယ်၊ ဒီစနစ်က ပိုကောင်းတယ်၊ လုပ်သင့်တာလည်းကြာပြီ၊ ဒီမှာလည်း တကယ့်တကယ် လက်ရှိမှာ အခက်အခဲတွေ အများကြီး၊ လက်ရှိလူတွေကိုပဲ ဖြေရှင်းနေရသေးတော့ ခုချိန်လောက်မှ လုပ်ပေးနိုင်တာပေါ့နော်၊ ဒီအစီစဉ်ကတော့ အကောင်းဆုံးပါပဲ။"
မွန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူလူနာ ၁၃၀၀ကျော် ရှိနေပြီး ၈၇၇ ယောက်ကတော့ ဆေးရုံက ဆင်းသွားပြီဖြစ်ကာ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ဒေါက်တာ ဝတ်မှုံက ပြောပါတယ်။
ဒီအထဲက ပိုးတွေ့လူနာ ၄၀၀ ကျော်ကိုတော့ မော်လမြိုင်မှာ ကုသပေးတဲ့နေရာ သုံးခုနဲ့ သထုံမှာ ကုသပေးနေတဲ့ နေရာ တစ်ခု စုစုပေါင်း လေးခုမှာ ကုသပေးနေတာလို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာ လက်ရှိအခြေအနေထိ ပိုးတွေ့လူနာတွေကို ကောင်းကောင်းကုသပေးနိုင်ပြီး လူ ၆၅၀ လောက်ထိ ကုသပေးနိုင်တယ်လို့လည်း ဒေါက်တာ ဝတ်မှုံက ပြောပါတယ်။
ရန်ကုန်မှာပိတ်မိနေတဲ့ မွန်ပြည်နယ်ကသူတွေ နေရပ်ပြန်ခေါ်ရေးနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို မေးမြန်းရာမှာတော့ လက်တလော ဘာမှမသိရသေးဘူးလို့ ပြောပါတယ်။
ရန်ကုန်မှာပိတ်မိနေတဲ့ တနင်္သာရီတိုင်းက လူ ၁၇၀ ကျော်ကို နိုဝင်ဘာ ၂၀ ရက်နေ့က ပထမအကြိမ် အရပ်ဘက် အထောက်အကူပြုအဖွဲ့နဲ့ တိုင်းအစိုးရပူးပေါင်းပြီး နေရပ်ပြန်ခေါ်ခဲ့ပါတယ်။
အဲ့ဒီလူတွေကို ထားဝယ်နဲ့မြိတ်မှာ ၁၄ ရက် ကန့်သတ်စောင့်ကြည်ရေးစခန်းတွေမှာထားပြီး ပိုး ရှိ၊ မရှိ စစ်ဆေးတာတွေ ပြုလုပ်ပေးပါတယ်။
အဲ့ဒီလူတွေကို ကန့်သတ်စောင့်ကြည့်တာတွေပြီးသွားရင် နောက်ထပ် ရန်ကုန်မှာ ပိတ်မိတဲ့သူတွေထဲက နောက်တစ်သုတ် ထပ်ခေါ်ယူဖို့ စာရင်းကောက်ယူနေတယ်လို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြောပါတယ်။
ရန်ကုန်မှာ ပိတ်မိနေတဲ့ တနင်္သာရီတိုင်းက လူတွေအားလုံးကို တစ်ပြိုင်တည်းခေါ်ဖို့ အဆင်မပြေတာကြောင့် တစ်သုတ်ပြီးတစ်သုတ် အားလုံးကို ခေါ်ယူသွားမယ်လို့ ဝန်ကြီး ဦးကျော်မင်းက ပြောပါတယ်။
"ကျနော်တို့မှာရှိတဲ့ ကိုဗစ်စင်တာတွေ၊ အသွားအလာကန့်သတ်ရေး စင်တာတွေနဲ့ လောက်ငှတဲ့ ထည့်နိုင်တဲ့ အနေအထားကို စဉ်းစားပြီး ခေါ်နေရခြင်းဖြစ်ပါတယ်၊ အားလုံးကို တစ်ကြိမ်ထဲ တစ်ပြိုင်တည်း ခေါ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး၊ တကယ်လို့ စာရင်းထဲမပါလာလို့ ခေါ်လို့မဖြစ်နိုင်သေးလို့ရှိရင်လည်း သည်းခံပေးပါ၊ စောင့်ဆိုင်းပေးပါ၊ အသုတ်လိုက် အသုတ်လိုက်ခေါ်ဖို့ အစီစဉ်ရှိပါတယ်။"
ရန်ကုန်မှာပိတ်မိနေတဲ့ ရခိုင်ပြည်နယ်ကို နေရပ်ပြန်လိုသူတွေကိုလည်း လေးဝတီ ကုလရက္ခိတ ပရဟိတအဖွဲ့ကနေ ပြန်လည်ပို့ဆောင်ပေးနေပြီး လက်ရှိအချိန်ထိ လူပေါင်း ၄၃၀ ပြန်ပို့ထားတယ်လို့ သိရပါတယ်။