အသက်ပြည့်ပြီးတဲ့ မွန်လူငယ်တွေ မွန်ပြည်သစ်မှာ စစ်မှုထမ်းဖို့ တိုက်တွန်း
2020.12.28
မွန်လူငယ်တွေ အသက် ၁၈ နှစ်ပြည့်ပြီးရင် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှာ စစ်ပညာ သင်ယူပြီး တာဝန်ထမ်းဆောင်ဖို့ မွန်လူငယ်နေ့ ဖြစ်မြောက်ရေးကော်မတီက တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံရေးမှာ တက်တက်ကြွကြွပါဝင်လာအောင် နိုးဆော်တဲ့သဘောလို့ ဆိုပါတယ်။ မွန်လူငယ်တွေ စစ်ရေးမှာ ပါဝင်လာရင် ဘယ်လိုအခက်အခဲတွေ ကြုံလာနိုင်မလဲဆိုပြီး စိုးရိမ်နေသူတွေလည်း ရှိပါတယ်။ မွန်ပြည်သစ်ပါတီဟာ တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းနေပေမယ့် အမျိုးသားတန်းတူရေးတွေ အပြည့်အဝ မရနိုင်သေးဘူးလို့ ထောက်ပြဝေဖန်နေပါတယ်။
မွန်လူငယ်တွေ နိုင်ငံရေးမှာ ပါဝင်လာပြီး အမျိုးသားရေးအတွက် အလေးထား ဆောင်ရွက်လာနိုင်ဖို့ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှာ ဝင်ရောက် တာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းတာလို့ မွန်လူငယ်နေ့ ဖြစ်မြောက်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးသိန်းက ပြောပါတယ်။
“ကျွန်တော်တို့ မွန်လူငယ်တွေက ခေတ်အဆက်ဆက်မှာ နိုင်ငံရေး ဦးတည်ချက်တွေ နည်းပါးတဲ့အတွက် အဲဒါက တစ်ကြောင်းရယ်၊ ပြီးတော့ မွန်လူငယ်တွေက မွန်လူမျိုးဖွံ့ဖြိုးဖို့အတွက် လမ်းခုလတ်မှာ ရှိနေတဲ့ အခါကျတော့ ကျွန်တော်တို့ နိုင်ငံအကူးအပြောင်းမှာ အားနည်းချက်တွေ ရှိတယ်လေ၊ အဲဒါကြောင့် မွန်နိုင်ငံရေးမှာ ပါဝင်လာဖို့အတွက် နှိုးဆော်တဲ့အနေနဲ့ နိုင်ငံရေးအသိုင်းဝိုင်းနဲ့ နီးတဲ့သူတွေ နိုင်ငံရေးမှာ ပါဝင်လာပြီးတော့ အမျိုးသား အခွင့်အရေးတွေ ရှိလာဖို့အတွက်၊ မွန်လူငယ်တွေ တက်တက်ကြွကြွ လက်နက်ကိုင် အဖွဲ့ထဲပါဝင်လာဖို့ မွန်အမျိုးသား အင်အားကြီး ဖြစ်အောင် တည်ထောင်နိုင်အောင် ဒါကို ရည်ရွယ်ပြီးတော့ ထုတ်ပြန်ထားတာ ဖြစ်တယ်”
ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေးအတွက် တိုက်ပွဲဝင်နေတဲ့ မွန်ပြည်သစ်ပါတီနဲ့ မွန်ညီညွတ်ရေးပါတီကို မွန်လူငယ်တွေက ကြိုဆိုရုံမက သမိုင်းပေးတာဝန် ကျေပွန်စေဖို့ ဝင်ရောက် တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။
မုဒုံမြို့နယ် ဖယ်ဒိုကျေးရွာက မွန်လူငယ် ကိုအောင်သူရက မွန်လူငယ် ဖြစ်မြောက်ရေး ကော်မတီတွေ တိုက်တွန်း နှိုးဆော်ထားတာကို လက်ခံပေမယ့် ခေတ်နဲ့အညီ ပြန်လည်သုံးသပ်ပြီး လူငယ်တွေကို နေရာမှန် ပို့ဆာင်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
“ဒါက သူတို့ နှိုးဆော်တာကောင်းတယ်။ ကိုယ့်လူမျိုးအတွက်လေ၊ ဒါပေမဲ့ ခေတ်နဲ့အညီ ပြန်ကြည့်ရမှာပေါ့၊ အကုန်လုံးစစ်တပ်ထဲ (မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်) အကုန်ဝင်သွားရင် အပြင်ပိုင်းမှာ လှုပ်ရှားနေတဲ့ မွန်လူငယ်တွေက နည်းသွားမယ်လို့ ကျွန်တော် မြင်တာပေါ့၊ ပြီးတော့ ကျွန်တော်တို့ စစ်ဘက်ကို အားသာတဲ့သူဆိုရင် စစ်ဘက်ကိုသွား၊ အပြင်ပိုင်း နိုင်ငံရေး အခုဒီမိုကရေစီနိုင်ငံရေး ဆိုတော့ စားပွဲပေါ်မှာ တိုက်ပွဲဝင်ဖို့ အဲဒီလိုမျိုး ခွဲဝေပေးနိုင်ရင် ကောင်းမယ်ဆိုရင် ပိုပြီးတော့ ကောင်းမယ်လို့ အဲလိုကျွန်တော်မြင်တယ်”
မွန်ပြည်သစ်ပါတီရဲ့ အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှာ လူငယ်တွေ အသက်ပြည့်ရင် တာဝန် ထမ်းဆောင်ဖို့ ထုတ်ပြန်ချက်ကို သဘောကျ နှစ်သက်ပေမယ့် လူငယ်တွေရဲ့ ရှေ့ရေးအတွက် စိုးရိမ်စရာ အချက်တွေ ရှိနေတယ်လို့ ရေးမြို့နယ်ဒေသခံ ကိုမောစီတုံးက ပြောပါတယ်။
“ကျွန်တော်က သားတစ်ယောက် မွေးထားတာရှိတယ်။ အသက် ၁၈ နှစ် ပြည့်လို့ စစ်ပညာ သင်ကြားရမယ် ဆိုတဲ့အချက်ကို သဘောကျတယ်။ စစ်မှုထမ်းတဲ့ အခါကျတော့ ဟိုဟာ လိုတာပေါ့၊ ဆိုလိုချင်တာက ကျွန်တော်တို့နိုင်ငံက မွန်ပြည်သစ်ပါတီဆိုတာက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တယ်။ ဆိုတဲ့အခါမှာ ဆိုပါတော့ ဒီလူငယ်က ၁၈ နှစ်ပြည့်လို့ မွန်ပြည်သစ်မှာ တာဝန်ထမ်းဆောင်လိုက်တဲ့အခါမှာ သူ့ရဲ့ဘဝတက်လမ်း အဲဒီအခါကျရင် မွန်ပြည်သစ်နဲ့ နိုင်ငံတော် အစိုးရရဲ့ ဆက်ဆံရေးဘယ်လိုရှိလဲ၊ ကျွန်တော်က အဲဒါလေးကို စိုးရိမ်မှုရှိတယ်။ တကယ်လို့ သူက ဒီမှာတာဝန်ထမ်းဆောင်လိုက်ပြီး သတ်မှတ်ထားတဲ့ ကာလ ရှိကောင်းရှိမှာပေါ့နော်၊ တစ်နှစ်လား သုံးနှစ်လား။ တကယ်လို့ သူက အဲဒီမှာ ပြည့်ခဲ့လို့ ဒီဘက်မှာ အသက်မွေးဝမ်းကြောင်း၊ သူ့ရဲ့ပညာရေးဘက်မှာရော အခက်အခဲ ရှိလာနိုင်လား၊ အဟန့်အတား ဖြစ်လာနိုင်လား ဆိုတာကိုတော့ ကျွန်တော်ကတော့ အဲဒီဘက်ကို နည်းနည်းစိုးရိမ်တယ်”
မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှာ တာဝန်ထမ်းဆောင်ဖို့ မွန်နိုင်ငံရေးပါတီတွေမှာ တာဝန် ယူသွားဖို့ မွန်လူငယ်တွေရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးတာဝန်ခံ နိုင်ဗညာလယ်က ပြောပါတယ်။
“ဒီနှစ် မွန်လူငယ်နေ့ရဲ့ ထုတ်ပြန်ချက်မှာ အသက်ပြည့်တဲ့ မွန်လူငယ်တွေ မွန်ပြည်သစ်ပါတီမှာ တာဝန် ထမ်းဆောင်ဖို့နဲ့ မွန်ညီညွတ်ရေးပါတီမှာ တာဝန်ထမ်းဆောင်ဖို့၊ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှာ တာဝန်ထမ်းဖို့ တိုက်တွန်းနှိုးဆော်ထားတဲ့ အချက်တွေ မွန်ပြည်သစ်ပါတီအနေနဲ့ ကြိုဆိုကြောင်း ပြောချင်တယ်”
မွန်ပြည်သစ်ပါတီအနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာနေပေမယ့် အမျိုးသားတန်းတူရေးတွေ ပြည့်ပြည့်ဝဝ မရရှိသေးပါဘူးလို့ မွန်ပြည်သစ်ပါတီက ဆိုပါတယ်။ မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဒေသတွေမှာ လှုပ်ရှားတဲ့ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှာ လက်နက်ကိုင်အင်အား ၈၀၀ ခန့် ရှိမယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။
အခုလို မွန်လူငယ်တွေ မွန်ပြည်သစ်ထဲဝင်ဖို့ တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေကို လေ့လာနေတဲ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကတော့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အတင်းအကြပ် တပ်သားစုဆောင်းတာတွေ လုပ်ခွင့်မရှိပေမယ့် လူငယ်တွေ မိမိသဘောဆန္ဒအရ သွားရောက်ဝင်ရင် ရနိုင်ကြောင်း ပြောပါတယ်။
“NCA မှာတော့ တပ်သားစုဆောင်းရေးကိစ္စမှာ ညှိလို့မရတဲ့အတွက် စစ်သားစုဆောင်းရေးက ဆက်လုပ် ရမလား၊ မလုပ်ရဘူးလားဆိုတဲ့ ကိစ္စမျိုးက အဲဒီအချိန်မှာ ညှိလို့မကျတဲ့အတွက် မပါလာဘူးပေါ့နော်၊ ဒါပေမယ့် NCA မှာ ပါလာတာက အတင်းအကြပ် ဖမ်းဆီးတာတို့ စေခိုင်းတာတို့ လုပ်လို့မရဘူးဆိုတာ ပါတယ်လေ၊ အဲဒီတော့ ဆိုလိုတဲ့သဘောကတော့ တစ်ယောက်ယောက်က သူ့သဘောအရ သူ့ဟာသူ ဝင်တယ်၊ သူ့ဟာသူ EAO တွေဆီကိုသွားတယ်၊ ဝင်တယ်ဆိုတာက ဒါကတော့ NCA နဲ့ ငြိတယ်လို့ ပြောလို့မရဘူးပေါ့၊ ဒါပေမယ့် အဓမ္မပေါ့ မလုပ်မနေရ အတင်းအကြပ်စစ်သားစုဆောင်းတဲ့ ကိစ္စမျိုး ဖြစ်လို့ရှိရင် ဒါက အဓမ္မ ဖမ်းဆီးတဲ့ ကိစ္စမျိုးလုပ်တယ်ဆိုလို့ရှိရင်တော့ ငြိတယ်။ သူ့သဘောနဲ့သူ သွားတယ်ဆိုပြီးတော့ EAO ထဲဝင်ချင်လို့ဆိုပြီးတော့ မငြိဘူးပေါ့”
၂၀၁၀ ပြည့်နှစ်ကစပြီး မွန်နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲ ဖြစ်ပေါ်လာတဲ့အတွက် တစ်ဘက်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်ပေမယ့် အခြားတစ်ဖက်မှာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ အနေအထားတွေကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ စိန်ခေါ်မှုတွေနဲ့ တစ်ဆို့နေရတယ်လို့ (၉) ကြိမ်မြောက် မွန်လူငယ်နေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။
မွန်ပြည်နယ်အတွင်းမှာ တရားမျှတမှုမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြည်သူ့ပိုင်ဆိုင်မှုတွေကို အဓမ္မနည်းနဲ့ သိမ်းယူတာတွေ စတဲ့ကိစ္စရပ်တွေ ဖြစ်ပေါ်လာရင် လူငယ်တွေက နိုင်ငံရေးအင်အားစုနဲ့ ချိတ်ဆက်ပြီး အတူတကွ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ (၈) ကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကို ကျိုက်မရောမြို့နယ် ခရုံဂူမှာ ကျင်းပခဲ့ပြီး (၉) ကြိမ်မြောက် မွန်လူငယ်နေ့ကို ရေးမြို့နယ်မှာ ကျင်းပဖို့ ပြင်ဆင်ထားကြပေမယ့် ကိုဗစ်ကူးစက်မှုကြောင့် အခမ်းအနားကို အကျဉ်းချုံး လုပ်ဆောင်ခဲ့ကြပါတယ်။