တိုက်ပွဲပြင်းထန်ခဲ့လို့ မြောက်ဦးမှာ အသွားအလာတိတ်ဆိတ်နေ
2020.07.31
ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီးမှာ မနေ့က တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေဟာ စိုးရိမ်ပြီး အသွားအလာတွေ တိတ်ဆိတ်နေပါတယ်။
ဒီနေ့မှာတော့ တိုက်ပွဲဖြစ်တာတွေမရှိပေမယ့် လမ်းမတွေမှာ တပ်မတော်စစ်ကြောင်းတွေ သွားလာနေတာကြောင့် ဖမ်းဆီးခံရမှာ၊ အပစ်ခံရမှာကိုကြောက်လို့ အပြင်ကိုမထွက်ဘဲ ကိုယ့်အိမ်မှာပဲနေနေကြတယ်လို့ မြောက်ဦးမြို့ခံ ကိုရွှေသန်းကျော်က ပြောတယ်။
မနေ့က မနက်အစောပိုင်းကနေ မြောက်ဦးမြို့နဲ့ တစ်မိုင်ဝန်းကျင်လောက်သာဝေးတဲ့ တောင်ဖြူဆည်ဝန်းကျင်မှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့လို့ ဒေသခံတချို့ ထွက်ပြေးခဲ့ရပါတယ်။
တိုက်ပွဲကြောင့် မြောက်ဦးမြို့အဝင်နားကနေ တိမ်ညိုရွာနား ရန်ကုန်-စစ်တွေကားလမ်းမကို ယာယီပိတ်ထားပြီး ဒီနေ့မှာ ခရီးသည်အသွားအလာလည်းမရှိတော့သလို အန္တရာယ်တစ်ခုခုဖြစ်မှာကို စိုးရိမ်တာကြောင့် ခရီးသည်တင်ကားတွေဟာ အသွားအလာ နည်းပါးနေတယ်လို့ ကားဆရာ ကိုချစ်ဦးမောင် က ပြောပါတယ်။
မနေ့က ညနေ ၂ နာရီကျော်လောက်မှာတော့ အဲဒီတိုက်ပွဲဖြစ်ခဲ့တဲ့ အနီးနားဝန်းကျင် တောင်ကြောတွေကို တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ မျက်မြင်တစ်ဦးက မနေ့ကပြောခဲ့ပါတယ်။
မြောက်ဦးမြို့ဟာ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် ကြိုးစားနေတာပါ။ အခုလို မြို့အနီးအနားမှာ တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ရှေးဟောင်းလက်ရာတွေကို ထိခိုက်မှုရှိတယ်ဆိုပြီး ဒေသခံတွေက ထောက်ပြပြောဆိုနေကြပါတယ်။