မြောက်ဦးမှာ အရပ်သားတစ်ဦး တပ်မတော်ဖမ်းဆီးခံရအပြီး နောက်ရက်တွင်သေဆုံး


2020.04.30

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုဇော်ကြီးဟာ မနေ့က မွန်းလွဲပိုင်းမှာ မြောက်ဦးကို ဆိုင်ကယ်ဘီးပြင်ဖို့အတွက် သွားရာမှာ မြို့အဝင် ငွေတောင်ပေါက် တံတားနားမှာ ရှိနေတဲ့ တပ်မတော်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဒီနေ့မနက်မှာတော့ သူ့ရဲ့ရုပ်အလောင်းကို မြောက်ဦးမြို့ အမှတ်-၃၇၇ တပ်ရင်းထဲကနေပြီး ဆေးရုံကိုပြန်လည် ပို့ဆောင်ပေးလိုက်တာလို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

တပ်ကဖမ်းဆီးတာခံထားရကြောင်း မနေ့က ညနေပိုင်းမှာ မိသားစုက သတင်းရရချင်း လိုက်လံစုံစမ်းခဲ့ပေမယ့် အတိအကျစုံစမ်းလို့ မရခဲ့ဘူးလို့ သေဆုံးသူ ကိုဇော်ကြီးရဲ့ယောက်ဖ ကိုသန်းမြင့်ဌေးက ပြောပါတယ်။

“မနေ့က ဆိုင်ကယ်ဘီး ပြင်ဖို့ဆိုပြီး မြို့ကိုထွက်သွားတာပါ။ ဘီးစပုတ်တိုင် ပြင်ဖို့အတွက် ပစ္စည်းမရှိလို့ မြို့ပေါ်မှာရှိတဲ့ သူ့ရဲ့ဆရာဆီကိုထွက်သွားတာပါ။ ညနေ ၄ နာရီလောက်မှာ ဂိတ်မှာအဖမ်းခံရ တာပါ။ ဖမ်းတာကို သတင်းကြားရလို့ နောက်ကလိုက်သွားတော့ အဲဒီနားကရဲတွေကို မေးကြည့်တော့ ဒီမှာမရှိတော့ဘူးလို့ ပြန်ပြောခဲ့ကြပါတယ်”

မနေ့က တညနေလုံး  နောက်ထပ်ဘာသတင်းမှမရခဲ့ပေမယ့် ဒီနေ့မနက်မှာတော့ ကိုဇော်ကြီးရဲ့ ရုပ်အလောင်း မြောက်ဦးဆေးရုံကိုရောက်ရှိနေတယ်ဆိုတဲ့အကြောင်း မိသားစုက သိခဲ့ကြရတယ်လို့ ယောက္ခမဖြစ်သူ ဦးစံထွန်းဖြူကပြောပါတယ်။

“မနေ့က စစ်တပ်ကဖမ်းသွားတယ်ဆိုတာကို အဲဒီနေရမှာမြင်လိုက်တဲ့သူတွေက ဖုန်းဆက်ပြောလို့ သိခဲ့ရတာပါ။ မိုးချုပ်လည်းပြန်မရောက်၊ မနက်မိုးလင်းလည်းပြန်မရောက်ဘူး။ နောက်ဆုံးသိရတာက အလောင်းဟာ မြောက်ဦးဆေးရုံက ရင်ခွဲရုံမှာရောက်နေတယ်ဆိုတာကိုပါပဲ။ သူက အေအေနဲ့လည်းဘာမှ ပတ်သက်မှုမရှိပါဘူး။ ကိုယ့်အိမ်မှာ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ပြီး ရိုးရိုးသားသားလုပ်ကိုင်စားနေတာပါ။ လူတစ်ယောက် အကြောင်းကြောင်းကြောင့် ဆုံးသွားရင် အေအေ လို့ သူတို့ကစွပ်စွဲမှာပဲ။ သူတို့က မဟုတ်လည်းစွပ်စွဲ၊ ဟုတ်လည်းစွပ်စွဲနေကြတာ။ အမှန်ကတော့ သူဟာရိုးရိုးသားသားနေထိုင်သူပါ”


မြောက်ဦးရဲစခန်းကနေတဆင့် အကူအညီတောင်းလာတဲ့အတွက် ကိုဇော်ကြီးရဲ့ ရုပ်အလောင်းကို တပ်မတော်တပ်ရင်းထဲကနေ အသင်းရဲ့ နာရေးကားနဲ့ အမှတ်-၃၇၇ တပ်ရင်းထဲကနေ သွားရောက်ယူဆောင်ခဲ့ရတာလို့  မြောက်ဦးနာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်ကျော်က RFA ကို  ပြောပါတယ်။

“မနက်က ရဲစခန်းက ရဲမှူးကဖုန်းဆက်လာပါတယ်။ နာရေးအသင်းကို အကူအညီတောင်းတာပေါ့လေ။ အမှတ်-၃၇၇ မှာ လူတစ်ဦးဆုံးနေပါတယ် အဲဒါကိုဆေးရုံကိုပို့ပေးပါလို့ အကူအညီတောင်းတာပါ။ အဲဒါနဲ့ကျွန်တော်တို့က နာရေးကားနဲ့သွားပြီးတော့ အလောင်းကို အမှတ်-၃၇၇ ကနေ မြောက်ဦးမြို့ဆေးရုံကိုသွားသယ်ပေးလိုက် ပါတယ်။ တပ်က ကျွန်တော်တို့ကိုမေးတာစမ်းတာလည်းဘာမှမရှိဘူး။ ကျွန်တော်တို့ သွားတယ်။ တပ်ထဲကို ဝင်သွားတယ်။ တပ်ထဲကအလောင်းရှိတဲ့နေရာကနေ အလောင်းကို ကျွန်တော်တို့သယ်လာခဲ့တယ် ဒါပါပဲ”


အမှတ်-၃၇၇ တပ်ရင်းထဲက ရုပ်အလောင်းကို ယူလာချိန်မှာ စောင်တွေနဲ့ပတ်ထားပြီး ရင်ခွဲရုံကိုရောက်လို့ ဖွင့်ကြည့်လိုက်ချိန်မှာ ဘယ်သူဘယ်ဝါမှန်းရုတ်တရက်မမှတ်မိနိုင်အောင်အထိ ဒဏ်ရာတွေနဲ့ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာကိုတွေ့ရတယ်လို့ အလောင်းကို မျက်မြင်တွေ့ခဲ့ရတဲ့  မြောက်ဦးမြို့ခံအချို့ က RFA ကို ပြောပါတယ်။

ကိုဇော်ကြီးရဲ့ရုပ်အလောင်းကို ဒီနေ့နေ့လယ်ပိုင်းမှာ မြောက်ဦးဆေးရုံကနေတဆင့် သူ့ရဲ့ကျေးရွာကို ပြန်လည် သယ်ယူ သင်္ဂြုဟ်ခွင့်ရခဲ့ပြီး မနက်ဖြန်မှာ သဂြိုဟ်မယ်လို့ မိသားစုကပြောပါတယ်။

အမှတ် ၃၇၇ တပ်ရင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အလောင်းကို တပ်ရင်းကနေ ပြန်သယ်ယူခဲ့ရတဲ့အတွက် ကိုဇော်ကြီးသေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဒီနေ့ညနေမှာ RFA က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဒီလိုမေးမြန်းရာမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မနေ့ညနေကအထိ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေတဲ့သူတဦးရှိကြောင်း၊ သူ့ရဲ လက်ကိုင်ဖုန်းထဲမှာ AA နဲ့ပတ်သက်တဲ့ ဗီဒီယိုတွေနဲ့ အဆက်သွယ်တွေကို တွေ့ရှိထားကြောင်း၊  ဖမ်းဆီးစစ်ဆေးခံရသူ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတော့ မရသေးကြောင်း၊ တကယ်လို့ သေဆုံးခဲ့ရရင်လည်း သေမှုသေခင်းဖွင့်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေကြောင်းအရ ဆက်ပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးတယ်ဆိုရင်လည်း အမှုထင်ရှားတယ်ဆိုရင်လည်း တရားစွဲတာတွေ လုပ်ဆောင်မှာဖြစ်ကြောင်း RFA ကို ပြောပါတယ်။ 

ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း  တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် တပ်မတော်ရဲ့ လက်ထဲမှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောဆိုစွပ်စွဲထားသူ ၁၅ ဦးခန့်ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။