မူဆယ်မှာ တပ်မတော်၊ ရဲတပ်ဖဲ့ွနဲ့ ပြည်သူ့စစ်တို့ လုံခြုံရေးယူထား


2017.12.24
muse-weapon-622.jpg ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်အနီး မိုင်းယုကျေးရွာမှာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က လက်နက်ကြီး ကျရောက်ခဲ့သည့် နေရာ ကိုတွေ့ရစဉ်
Photo: Khun Thein Zaw Oo/ Facebook

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်အနီးမှာ မနေ့က လက်နက်ကြီးကျရောက်ပြီး လူထိခိုက် သေဆုံးမှု ရှိခဲ့တာကြောင့် မူဆယ်မြို့ပေါ်မှာ တပ်မတော်၊ ရဲတပ်ဖဲ့ွနဲ့ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး လုံခြုံရေးယူထားတယ်လို့ မူဆယ်မြို့မ ရဲစခန်းက ဒုရဲမှူး အေးမြင့်က ဒီနေ့ ပြောပါတယ်။

မနေ့ညနေပိုင်းက မူဆယ် ၁၀၅ မိုင်အနီးက မိုင်းယုကျေးရွာမှာ  လက်နက်ကြီးကျရောက်လို့ ဒေသခံ ကလေးတစ် ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့တာဖြစ်ပါတယ်။

မနေ့ကပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကပစ်တယ်ဆိုတာကို အတိအကျ မသိရသေးဘူးလို့ ဒုရဲမှူး အေးမြင့် က ပြောပါတယ်။

"နယ်မြေလုံခြုံရေး အခြေအနေကတော့ ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရယ်၊ တပ်မတော်ရယ်၊ ပြည်သူ့ စစ်အဖွဲ့ရယ် ပူးပေါင်းပြီးတော့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပါတယ်၊ ဘယ်သူက လုပ်ပါတယ်လို့ တရားခံမိထားတာမဟုတ်တဲ့အတွက် ဘယ်သူလုပ်ပါတယ်လို ပြောလို့မရဘူး၊ သောင်းကျန်းသူ အဖွဲ့အစည်း တစ်ခုခုလို့ပဲပြောလို့ရမယ်"

လက်နက်ကြီးကျရောက်တာကြောင့် ခြေထောက်နဲ့ ခါးမှာ လက်နက်ကြီးထိမှန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဒဏ်ရာရခဲ့တဲ့ အသက် ၃ နှစ်ဝန်းကျင် ကလေး နဲ့ အသက် ၆၀ ဝန်းကျင် အဖိုးဖြစ်သူတို့ဟာ မူဆယ်ဆေးရုံကနေ တရုတ်ပြည် ရွှေလီဆေးရုံမှာ မနေ့က ရွှေ့ပြောင်းပြီး  ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

အခုလို မူဆယ်မြို့ပေါ်ကို  လက်နက်ကြီး ကျရောက်ခဲ့တဲ့ ဖြစ်စဉ်က မူဆယ်မြို့မှာ  ဒီနှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်တယ်လို့လည်း ဒုရဲမှူး အေးမြင့် က ပြောပါတယ်။

မနေ့က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်းအနီး လက်နက်ကြီးကျရောက်ခဲ့ပေမယ့် ကုန်သွယ်ရေးကို ထိခိုက်မှုမရှိ ဘဲ ပုံမှန်ကုန်သွယ်မှု ရှိနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။