သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား ၂၀ ရဲ့ မျိုးရိုးဗီဇ စစ်ဆေးမည်
2018.03.31

ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ သွားရာကနေ မနေ့က ကားမီးလောင်ပြီး သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားတွေရဲ့ ရုပ်အလောင်းတွေကို မျိုးရိုးဗီဇ DNA စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမား သံအရာရှိတစ်ဦးက ဒီနေ့ ပြောပါတယ်။
မီးလောင်သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို ဘယ်သူဆိုတာခွဲခြားနိုင်ဖို့ စစ်ဆေးမှာဖြစ်တယ်လို့ အလုပ်သမား သံအရာရှိ ဦးနိုင်မင်းသူက ပြောပါတယ်။
"မီးလောင်သွားတဲ့ အလုပ်သမားတွေက ဆိုးဆိုးဝါးဝါးဆိုတော့ ဘယ်သူမှန်း ရုပ်လုံးမပေါ်တော့ဘူး၊ အဲဒီအတွက် မိသားစုတွေခေါ်မယ်၊ လောလောဆယ်က မိသားစုတွေ ချိတ်ဆက်နေတယ်၊ မိသားစုခေါ်ပြီးတော့မှ DNA စစ်ရမယ်၊ ဒီအရုပ်လောင်းက ဘယ်သူဆိုတဲ့ဟာ ပြန်ဖော်ရမယ်၊ ဖော်ပြီးတော့မှ ဆက်ပြီတော့ လျော်ကြေး ကိစ္စတွေ၊ ခံစားခွင့်ကိစ္စတွေ ဆက်ပြီးတော့ ဆောင်ရွက်ပေးသွားမှာပါ"
သေဆုံးသွားကြတဲ့ MOU မြန်မာအလုပ်သမားတွေရဲ့ မိသားစုဝင်တွေကိုလည်း လတ်တလောမှာ ဆက်သွယ်ထား တယ်လို့ သိရပါတယ်။
နှစ်နိုင်ငံအစိုးရ သဘောတူညီချက်နဲ့ အလုပ်သွားလုပ်ကြမယ့် မြန်မာအလုပ်သမား ၄၇ ဦးကို မဲဆောက်မြို့ကနေ တဆင့် ခရီးသည်တင်မှန်လုံကားနဲ့ တင်ဆောင်လာရာ မတ်လ ၃၀ ရက်နေ့ မနက်အစောပိုင်းက တာ့ခ်ခရိုင်ထဲမှာ မီးလောင်ခဲ့ပြီး မြန်မာအလုပ်သမား ၂၀ ဦး မီးလောင်သေဆုံးခဲ့ပါတယ်။ ကားမီးလောင်မှုကြောင့် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး ၁၈ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေအတွက် လျော်ကြေးနဲ့ ခံစားခွင့်ကိစ္စတွေကို မြန်မာနိုင်ငံဘက်က အလုပ်သမားအေဂျင်စီအပါအဝင် ထိုင်းနိုင်ငံဘက်က အလုပ်သမားအေဂျင်စီနဲ့ ဆက်သွယ်ပြီး ရပိုင်ခွင့်ရှိတဲ့အတိုင်း ဥပဒေနဲ့အညီ ဆောင်ရွက်ပေးသွား မယ်လို့ ဦးနိုင်မင်းသူက ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်အရ ကားထဲမှာ ဆေးလိပ်သောက်ရင်း မီးပွားကနေတဆင့် မီးလောင်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။