တရုတ် အားထားမှုလျှော့ဖို့ ရုရှားလက်နက် မြန်မာ ပိုမိုဝယ်ယူ


2017.04.06
myanmar-army-day-2017-620.jpg နေပြည်တော်မှာ မတ်လ ၂၇ ရက်နေ့ကကျင်းပတဲ့ ၇၂ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြနေတဲ့ စစ်သားတွေ ကို တွေ့ရစဉ်
Photo: Win Ko Ko latt/RFA

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ မြန်မာ့တပ်မတော်ဟာ တရုတ်နိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မှီခိုနေရတာကို လျှော့ချနိုင်ရေးအတွက် ရုရှားနိုင်ငံထုတ် လေယာဉ်နဲ့ လက်နက်တွေကို ပိုမိုဝယ်ယူနေကြောင်း ဧပြီလ ၅ ရက် မနေ့ကထုတ်ဝေတဲ့ Asia Times သတင်းစာ က ဖေါ်ပြလိုက်ပါတယ်။

ရုရှားလုပ် (Yakovlev ယာကိုလဗ်) Yak-130 အမျိုးအစား လေ့ကျင့်ရေးတိုက်လေယာဉ် ၃ စင်းကို မကြာခင်က ရယူခဲ့တဲ့ မြန်မာလေတပ်ဟာ ၂ဝ၁၈ ခုနှစ် မကုန်ခင်နောက်ထပ် တိုက်လေယာဉ်တွေဝယ်ယူ မှာဖြစ်ကြောင်း၊ လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက တရုတ်နိုင်ငံထုတ် လက်နက်တွေကို အဓိကကိုင်ဆောင်နေတာဖြစ် သလို မြန်မာ့တပ်မတော်ကလည်း တရုတ်ထုတ် စစ်လေယာဉ်နဲ့ လက်နက်တွေကို အားကိုးနေရကြောင်း ဖေါ်ပြထား ပါတယ်။

တဆက်တည်းမှာပဲ ကိုးကန့်ဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်ကနေ မတ်လ ၂၆ ရက်နေ့အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်က အရာရှိ ၃၂ ဦးအပါအဝင် စစ်သည်အင်အား ၄၁၂ ဦးကျဆုံးပြီး ၅၈၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ်ကဖြစ်ပွားတဲ့ နယ်ခြားဒေသစစ်ပွဲမှာဆိုရင် မြန်မာတပ်မ ၆၆ က ကျဆုံးတဲ့ ဦးရေဟာ အခုထက်ပိုများခဲ့ကြောင်း၊ ဒီအချက်တွေကြောင့် မြန်မာ့တပ်မတော်ဟာ မြေပြင်တပ်ဖွဲ့တွေ အစား လေကြောင်း တိုက်ခိုက်မှုတွေကို ပိုမိုအသုံးပြုလာခဲ့ကြောင်း၊ လက်ရှိမှာ မြန်မာ့တပ်မတော်ဟာ ရုရှားနိုင်ငံလုပ် MIG-29 တိုက်လေယာဉ်တွေ၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေကို သုံးစွဲနေကြောင်းနဲ့ ထပ်မံဝယ်ယူမှာ ဖြစ်ကြောင်း စသဖြင့် ဆောင်းပါးရှင် Bertil Litner ဘာတီးလ်လစ်တနာ က Asia Times သတင်းစာမှာ မနေ့က ရေးသားလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။