မြန်မာကနေ ထိုင်းနိုင်ငံထဲ တရားမဝင် သွားရောက်သူ လျော့နည်းလာ
2022.03.31

ထိုင်း-မြန်မာနယ်စပ်ကနေ တရားမဝင် အထောက်အထားမဲ့ ဝင်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေ အတွက် သိသိသာသာ လျော့နည်းလာတယ်လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၄၀၀၀ ကျော်ကနေ ၅၀၀၀ ကျော်ထိ ရှိခဲ့ရာကနေ အခု မတ်လအတွင်းမှာ ၁၆၀၀ လောက်ပဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ် ပါတယ်။
၂၀၂၂ ခုနှစ် အစောပိုင်းအတွင်း မြန်မာနိုင်ငံဘက်ကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်တာတွေ များပြားလာပြီး ထိုင်းအာဏာပိုင်တွေကလည်း နယ်စပ်က ဝင်ရောက်လာတဲ့လမ်းတွေမှာ စိစစ် ဖမ်းဆီးနေပါတယ်။
ဒါ့အပြင် လူမှောင်ခိုတွေကို ငွေပေးပြီး လာရောက်သူတွေကို အလုပ်မခန့်တာတွေ ရှိလာသလို လူမှောင်ခိုတွေနဲ့ လာရောက်တဲ့ကားတွေ မကြာခဏ မတော်တဆမှုတွေ ဖြစ်တာကြောင့်လည်း ပါတယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) က အလုပ်သမားအရေးတာဝန်ခံ ဦးမင်းဦးက လည်း မတ်လအတွင်းမှာ တရားမဝင် ဝင်ရောက်လို့ ဖမ်းဆီးခံရတဲ့ အရေအတွက် လျော့လာတယ်လို့ ပြောပါတယ်။
အလားတူ ထိုင်း - မြန်မာ နယ်စပ် ကရင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကြားတိုက်ပွဲတွေ ပြင်းထန်နေလို့ ကော့ကရိတ်-မြဝတီ အာရှကားလမ်းကို ယာယီဖြတ်သန်းမှုတွေ ပိတ် ထားတာတွေကြောင့် တရားမဝင် ဝင်ရောက်မှု လျော့နည်းလာတာ ဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်။