မြန်မာနယ်စပ်တစ်လျှောက်ကို ဆယ်နှစ်အတွင်း ခြံစည်းရိုးကာဖို့ အိန္ဒိယအစိုးရ စီစဉ်

RFA Burmese
2025.03.16
မြန်မာနယ်စပ်တစ်လျှောက်ကို ဆယ်နှစ်အတွင်း ခြံစည်းရိုးကာဖို့ အိန္ဒိယအစိုးရ စီစဉ် မြန်မာနယ်စပ်တွင် ခြံစည်းရိုးခတ်မည့်အစီအစဉ်အား နယ်စပ်ကျေးရွာများတွင် နေထိုင်ကြသောဒေသခံများ၂ဝ၂၄ ခုနှစ် မေလ ၁၆ ရက်နေ့က ဆန္ဒပြစဉ် စောင့်ကြပ်နေကြသည့် အိန္ဒိယရဲတပ်ဖွဲ့ဝင်များ။
Chin Post

မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်လုံးကို လာမဲ့ ဆယ်နှစ်အတွင်း ခြံစည်းရိုးကာဖို့ အိန္ဒိယအစိုးရက စီစဉ်ထားကြောင်း အိန္ဒိယအခြေစိုက် The Hindu သတင်းဌာနက မတ်လ ၁၆ ရက်နေ့မှာ ဖော်ပြပါတယ်။

ကီလိုမီတာ ၁၆၄၃ ရှည်လျားတဲ့ မြန်မာနယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးကာမဲ့ အစီအစဉ်ကို အိန္ဒိယအစိုးရ အရာရှိတွေက လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းထားတာလို့ သတင်းမှာဖော်ပြပါတယ်။  

မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်ဖို့ စီမံကိန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ကြေညာခဲ့ပြီး လွန်ခဲ့တဲ့လေးလဝန်းကျင်ကစပြီး လုပ်ငန်တွေကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူတွေကပြောတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နယ်စပ်ခြံစည်းရိုးခတ်တဲ့ လုပ်ငန်းတွေနဲ့ မြန်မာနယ်စပ်ကို စောင့်ကြပ်မဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ကင်းစခန်းတွေတည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ဖိုးတန်ဖိုးရှိတဲ့ အိန္ဒိယ ရူပီး ၁၁၄ ကုဋေ သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

ခိုးဝင်နေတာတွေမရှိအောင် နည်းပညာနဲ့ တားဆီးနိုင်အောင်လည်း နယ်စပ်ခြံစည်းရိုးခတ်တဲ့ဆီမှာ ထည့်သွင်ဆောင်ရွက်ထားကြောင်း အာသံရိုင်ဖယ်တပ်ဖွဲ့က အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် မိုးရေးမြို့မှာ ခြောက်မိုင်နီးပါး ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေးစီမံကိန်း ပြီးမြောက်ခဲ့ပြီလို့ အိန္ဒိယသတင်းတွေမှာ ဇန်နဝါရီ ၂ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံထဲက မဏိပူပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ ၃၉၈ ကီလိုမီတာ နယ်နိမိတ်ထိစပ်နေပြီး အာရန်နာချယ်ပြည်နယ်က ကီလိုမီတာ ၅၂၀ နယ်နိမိတ်ထိစပ်နေပြီး နယ်စပ်ခြံစည်းရိုးခတ်မှာကိုထောက်ခံထားကြပါတယ်။

နာဂလန်းပြည်နယ်ကလည်း မြန်မာနိုင်ငံနဲ့ ၂၁၅ ကီလိုမီတာ နယ်နိမိတ်ထိစပ်နေသလို မီဇိုရမ်ပြည်နယ်ကလည်း ၅၁၀ ကီလိုမီတာ နယ်နိပိတ်ထိစပ်နေပါတယ်။ နာဂလန်းနဲ့ မီဇိုရမ်ပြည်နယ်တွေကတော့ နယ်စပ်ခြံစည်းရိုးခတ်မှာကို ကန့်ကွက်ထားကြောင်း ဇန်နဝါရီကဖော်ပြတဲ့ အိန္ဒိယသတင်းတွေမှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။