ပြည်ပချေးငွေအတွက် အဖြေရှာဆောင်ရွက်သင့်ပြီလို့ NLD အမတ်ပြော
2018.12.18

မြန်မာနိုင်ငံက တရုတ်ချေးငွေတွေအပါအဝင် တနှစ်ကို ပြည်ပချေးငွေတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့် ပြန်ဆပ်နေရတဲ့အပေါ် အဖြေရှာဆောင်ရွက်သင့်ပြီလို့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရရဲ့ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနဲ့ အဲဒီအစီရင်ခံစာကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ သုံးသပ်ချက် အစီရင်ခံစာကို ဆွေးနွေးရာမှာ ဒေါ်ခင်စန်းလှိုင်က တိုက်တွန်း လိုက်တာပါ။
ဘဏ်များနဲ့ ငွေကြေးကော်မတီဥက္ကဌ ဒေါ်ခင်စန်းလှိုင်က တရုတ်နိုင်ငံကို တစ်နှစ်အတွက် အတိုးနဲ့အရင်းပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၅၀ ပြန်ဆပ်နေရတာကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံချေးငွေတွေနဲ့ ပတ်သက်ပြီး အပူတပြင်း အဖြေရှာဆောင်ရွက်သင့်ပြီဖြစ်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ချေးငွေတွေအတွက် အတိုးနှုန်း ၅ ရာခိုင်နှုန်းဆိုတာ တခြားချေးငွေတွေထက် များတာ၊ ချေးငွေနဲ့ အကောင် အထည်ဖော်တဲ့ စီမံကိန်းတွေ ထင်သလို မအောင်မြင်တာတွေကို China Exim Bank ရဲ့ တာဝန်ရှိသူတဦးနဲ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။
ချေးငွေကိစ္စ အဓိကတာဝန်ရှိတဲ့ ပြည်ထောင်စုအစိုးရကလည်း အဲဒီကိစ္စကို မဖြစ်မနေ အဖြေရှာဖို့ ပြောခဲ့ပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြည်ပချေးငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိတဲ့အနက် တရုတ်နိုင်ငံက ၄ ဘီလီယံကျော်ရှိပြီး ကြွေးမြီစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းခန့် ရှိနေတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။