မြန်မာ မီဒီယာလွတ်လပ်ခွင့်နဲ့ ဒီမိုအရေး ကုလအရာရှိတွေ စိုးရိမ်
2019.05.08

ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ ထိပ်တန်းအရာရှိ နှစ်ဦးက ရိုက်တာသတင်းထောက် နှစ်ဦး ပြန်လွတ်လာတာဟာ ဝမ်းသာစရာ သတင်းဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကတော့ စိုးရိမ်ပူပန်စရာဖြစ်ပါတယ်လို့ ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီနဲ့ ကုလသမဂ္ဂ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် ဒေးဗစ်ကေးတို့က ဒီသတင်းထောက်တွေ မိသားစုနဲ့ ပြန်ဆုံတွေ့နိုင်ပြီး ကျန်ရှိ ပြစ်ဒဏ်ကို ဆက်လက်ကျခံဖို့ မလိုတော့ဘူး ဆိုတဲ့အချက်က ဝမ်းသာစရာပါ။
ဒါပေမဲ့ သူတို့ကို အစိုးရလုံခြုံရေးဥပဒေအရ စီရင်အပြစ်ပေးမှုကို ရုပ်သိမ်းခဲ့တာတော့ မဟုတ်ပါဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေကို အထူးစိုးရိမ်ပြီး လာမယ့်နှစ်မှာ ရွေးကောက်ပွဲကျင်းပမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဲ့ ကဏ္ဍဟာ အင်မတန် အရေးကြီးလှပါတယ်လို့လည်း ကုလအရာရှိ နှစ်ဦးက ပြောပါတယ်။