တစ်နေ့လုပ်ခ ၅၆၀၀ ကျပ် ရရှိရေး တောင်းဆိုဆန္ဒပြမည်
2015.04.29

မေလ ၁ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ မြောက် ဥက္ကလာပစက်မှုဇုန်တွေက အလုပ်သမားဦးရေ ၅ဝဝ လောက်က တစ်နေ့လုပ်အားခ ကျပ် ၅၆ဝဝ ရရှိဖို့အတွက် ဆန္ဒပြတောင်းဆိုမယ်လို့ သိရပါတယ်။
အနည်းဆုံးလုပ်ခလစာသတ်မှတ်နိုင်ဖို့ ဆွေးနွေးနေတဲ့ အချိန်မှာ အလုပ်သမားတွေရဲ့ တစ်နေ့လုပ်အားခကို ကျပ် ၅၆၀၀ သတ်မှတ်ပေးနိုင်ဖို့အတွက် တောင်းဆိုမှာ ဖြစ် တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်မယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများကွန်ရက်ရဲ့ ဥပဒေ အကြံပေး ရှေ့နေ ဦးဌေးက ပြောပါတယ်။
"ဒီနှစ်ကလည်း အလုပ်သမားပြဿနာတက် တယ်လေ၊ လုပ်ခကလည်း အလုပ်ရှင်က တစ်ရက်ကို ၁၅၀၀ ဘဲပေးချင်တယ်၊ တစ်နိုင်ငံလုံးဆိုင်ရာ အလုပ် သမားသမဂ္ဂကွန်ရက်က ၅၆၀၀ နှုန်း မနှစ် တည်းကတောင်းထားပါတယ်၊ ၁၅၀၀ ဆိုရင် တစ်လမှ လေးသောင်း ခွဲဆိုတော့ အလုပ်သမားတွေ အသက် ရှင်သန်ရေးတွက် ထမင်းဖိုးတောင်မရှိပါဘူး၊ အလုပ်ရှင်တွေဘက်က လိုက်လျောတဲ့နှုန်းထားက အလွန် နည်းနေတဲ့အတွက် အလုပ်သမားတွေ ဆန္ဒ ထုတ်ဖော်ပွဲကို မေဒေးနေ့မှာ ထူးခြားစွာကျင်းပမှာဖြစ်ပါတယ်"
မေလ ၁ရက်နေ့မှာ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းကနေ တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်းအထိ လမ်းလျှောက်ဆန္ဒပြကြမှာဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေနဲ့ ကျောင်းသားကျောင်းသူတွေ ပြန်လည် လွတ်မြောက်ဖို့အတွက်လည်း တောင်းဆိုသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်ကို ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။