တိုက်ပွဲသတင်းကြောင့် မြောင်မြို့ခံတချို့ နေရပ်စွန့်ခွာ

RFA Burmese
2024.08.21
တိုက်ပွဲသတင်းကြောင့် မြောင်မြို့ခံတချို့ နေရပ်စွန့်ခွာ မြောင်မြို့နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
Facebook/Ko Nway Oo-Myaung

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းကြောင့် မြို့ခံတချို့ ဩဂုတ်လ ၂၀ ရက်နေ့ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ မြောင်ဒေသခံတွေက RFA ကို ပြောပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့က မြောင်မြို့ ဧရာ၀တီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် မြောင်မြို့ကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုတွေ လုပ်ခဲ့တာပါ။

ဩဂုတ်လ ၂၁ ရက် ဒီနေ့မှာလည်း မြောင်မြို့နဲ့ ၁၄ မိုင်အကွာ မြင်းမူမြို့နယ်ဘက်အခြမ်းကနေ အင်အား ခုနစ်ဆယ်လောက်ပါတဲ့ စစ်ကောင်စီတပ် သင်္ဘောနှစ်စင်းက မြောင်မြို့ထဲထပ်ပြီး အင်အားဖြည့်ထားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ခံ ကိုနွေဦးက RFA ကို ပြောပါတယ်။

“မြို့ပေါ်ကို အင်အားထပ်ဖြည့်ထားတယ်။ ပြည်သူတချို့လည်း လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခံထားရတာရှိတယ်။ မြောင်မြို့က စခန်းသိမ်းမှာ၊ မြို့သိမ်းခံရမှာဆိုးလို့ အခုလို အင်အာဖြည့်တင်းတာ။ မြို့ပေါ်ရဲစခန်းနဲ့ မြို့အဝင် မရိုးကုန်းဆိုတဲ့ရွာမှာ တပ်စွဲထားတယ်”

လက်ရှိမှာ နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိသလို အခြေအနေစောင့်ကြည့်နေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်က အင်အားတိုးလာတဲ့အတွက် မြို့ခံတချို့လည်း နေရပ်စွန့်ခွာထွက်ပြေးကြပြီး အိမ်စောင့်ကျန်ခဲ့ သူတွေလောက်ပဲရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးကြသူတွေရဲ့ အရေအတွက်ကို တိတိကျကျ မသိရေသေးပေမဲ့ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ မြောင်မြို့ပေါ်မှာ လူဦးရေ ရှစ်ထောင်ခန့် (၇,၇၉၅ ဦး) နေထိုင်ပါတယ်။

မြောင်မြို့ပေါ်က အခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင် ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည် ၁၂ သိန်းကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။